
စစ်အာဏာရှင်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်းတွေထဲက လူငယ် ၃,၀၀၀ ကျော်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီး ပျောက်ဆုံးနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ သုံးသပ်ချက်နဲ့ သုတေသန အချက်အလက်တွေမှာ ဖော်ပြပါတယ်။
ဧပြီ ၈ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ စစ်တပ်က စစ်မှုထမ်းကာလ ၂ နှစ်ပြည့်မြောက်ခဲ့သူတွေကို နေရပ်ပြန်လွှတ်ပေးခဲ့ကြောင်း ဝါဒဖြန့်သတင်းတွေ ထုတ်ပြန်ခဲ့ပေမဲ့ MDSI ရဲ့ လေ့လာ စောင့်ကြည့်မှုတွေအရ ပြန်လည်ရောက်ရှိလာသူမှာ ၂,၀၀၀ ဝန်းကျင်လောက်သာ ရှိကြောင်း သိရပါတယ်။
စစ်တပ်က အပတ်စဉ် ၁ ကို အင်အား ၅,၁၀၀ ကျော်နဲ့ စတင်ခဲ့တာကြောင့် ကျန်ရှိနေတဲ့ လူငယ် ၃,၀၀၀ ကျော် ဘယ်ရောက်နေသလဲ ဆိုတာက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
MDSI ရဲ့ ပြောခွင့်ရသူ CDM ဗိုလ်မှူး ကိုနောင်ရိုးက “ကိန်းဂဏန်းတွေကျတော့ အတိအကျတော့ ပြောဖို့ ခက်တာပေါ့ဗျာ။ သို့သော်လည်း ဒီစစ်တပ်က ထုတ်ပြန်လာတဲ့ ကိန်းဂဏန်း အချက်အလက်တွေ၊ တိုင်းစစ်ဌာနချုပ်တွေက ထုတ်ပြန်ချက်တွေကို ကျနော်တို့ လေ့လာစောင့်ကြည့်ပြီးတော့ ခန့်မှန်း သုံးသပ်တာပေါ့။ ဒါကတော့ ၂,၀၀၀ ဝန်းကျင်လောက် ရှိတယ်” လို့ DVB ကို ပြောပါတယ်။
MDSI တာဝန်ရှိသူရဲ့ ပြောကြားချက်အရ နေရပ်ပြန်ခွင့်ရသူ အများစုဟာ ရှေ့တန်း တိုက်ခိုက်ရေးတပ်တွေက မဟုတ်ဘဲ လျှပ်စစ်နဲ့ စက်မှုအင်ဂျင်နီယာတပ်၊ ထောက်ပံ့ရေးတပ်၊ ယန္တရားတပ်၊ ဆက်သွယ်ရေးတပ်၊ ရေတပ်နဲ့ လေတပ် စတဲ့ လက်ရုံးတပ်ဖွဲ့ဝင်တွေ အများစုပါတာကို တွေ့ရပါတယ်။
ကိုနောင်ရိုးက“နောက်တခုက ခြေလျင်တိုက်ခိုက်ရေးတပ်သား အနည်းငယ်ပါတာ တွေ့ရတယ်။ အဲဒါတွေက မသေဘဲ ကျန်ခဲ့တဲ့သူ အနည်းငယ်လို့ ကျနော်တို့ ခန့်မှန်းသုံးသပ်ရတယ်” လို့ ဆက်ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ လူငယ် ၃,၀၀၀ ကျော်ထဲက တချို့ဟာ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးတာ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရတာ၊ တိုက်ပွဲနယ်မြေမှာ ပျောက်ဆုံးတာနဲ့ တော်လှန်ရေး အင်အားစုတွေဆီ အလင်းဝင် ပူးပေါင်းသွားတာ စတဲ့အကြောင်းရင်းတွေလည်း ရှိနိုင်ကြောင်း သုံးသပ်ထားပါတယ်။
ဒါ့အပြင် စစ်မှုထမ်းအပတ်စဉ် တခုစီမှာ ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဖြစ်ပြီး လက်ရှိ အပတ်စဉ် ၂၀ ကျော်အထိ တွက်ချက်ပါက အိမ်မပြန်နိုင်တော့တဲ့ လူငယ်ဦးရေဟာ ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ဝန်းကျင်အထိ ရှိလာနိုင်ကြောင်း MDSI က သတိပေးပါတယ်။
ဒီလို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ထားတဲ့ လူငယ်တွေ သေဆုံး (သို့) ပျောက်ဆုံးတဲ့ အခါမှာလည်း မိသားစုဆီ အကြောင်းကြားတာမျိုး မရှိတာနဲ့ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းနိုင်စေဖို့ ပြည်တွင်းရော၊ နိုင်ငံတကာကပါ ဖိအားပေး ကိုင်တွယ်သင့်ကြောင်း MDSI ဆောင်းပါးရှင် အောင်လင်း (မဟာဝိဇ္ဇာ) က အသိပေး တိုက်တွန်းထားပါတယ်။











