
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ မွတ်စလင်ကျေးရွာတွေမှာ ဒေသခံတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ငွေညှစ်နေတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်တွေမြို့ အနောက်ဘက်ရှိ မွတ်စလင်ကျေးရွာတွေကို စစ်ကောင်စီက ညအချိန် ဝင်ရောက်စစ်ဆေးတာ၊ ဒေသခံတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပြီး မတ် ၁၈ ရက်ကလည်း ဘောဒူဖ ဒုက္ခသည်စခန်းက မွတ်စလင် အမျိုးသား ၁၀ ယောက်ကို ဖမ်းဆီးကာ တယောက်ကို ငွေ ၂ သိန်းစီ ညှစ်ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်တွေဒေသခံ မွတ်စလင် အမျိုးသားတယောက်က ပြောပါတယ်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ညအချိန်တွေမှာ မွတ်စလင်ရွာတွေကို ဝင်ရောက်စစ်ဆေးတာ၊ ဖမ်းဆီးငွေညှစ်တွေကို ဆက်တိုက်လုပ်နေတာတွေ ရှိတယ်။ မတ်လ ၁၈ ရက်နေ့ကလည်း ဘောဒူဖကျေးရွာရှိ IDP Camp က အမျိုးသား ၁၀ ယောက်ကို ဖမ်းဆီးသွားပြီးတော့ နောက်တနေ့မှာ တယောက်ကို ငွေ ကျပ် ၂ သိန်းစီနဲ့ လာခေါ်ကြဖို့ ပြောဆိုခဲ့တာ ရှိတယ်။ မိသားစုဝင်တွေမှာလည်း ဆင်းရဲကျပ်တည်းကြတဲ့ကြားက ထောင်ချမခံရဖို့ သွားခေါ်ခဲ့ကြရတာ ရှိတယ်။”
စစ်တွေမြို့နယ်က မွတ်စလင်တွေကို စစ်ကောင်စီရဲ့ အမှတ် ၃၆ ရဲတပ်ရင်းနဲ့ မင်းဂံရဲစခန်း ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာ၊ ငွေညှစ်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
မတ် ၁၇ ရက် ညကလည်း စစ်တွေမြို့ သဲချောင်း(ရခိုင်)ကျေးရွာက ဦးရွှေဝင်းနဲ့ သက္ကယ်ပြင်ကျေးရွာက မွတ်စလင်အမျိုးသားတယောက်ကိုလည်း စစ်ကောင်စီရဲ့ မင်းဂံရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ နောက်ထပ် စစ်တွေမြို့ခံ ရခိုင်အမျိုးသားတယောက်က ပြောပါတယ်။
“သဲချောင်းက ဦးရွှေဝင်းကို ညအချိန်မှာ ဝင်ရောက်ဖမ်းဆီးသွားတာ ရှိတယ်။ ဘာကြောင့် ဖမ်းဆီးသွားလဲ ဆိုတာတော့ မသိရဘူး။ အဲဒီနေ့မှာပဲ သက္ကပြင်ရွာက မွတ်စလင် အမျိုးသားတဦးကို ထပ်မံဖမ်းဆီးသွားတယ်လို့ သိရတယ်။ သူတို့ ၂ ယောက်ကို မင်းဂံရဲစခန်းကနေ အမှတ် ၁ ကို လွှဲပြောင်းသွားတယ်လို့ သိရတယ်။ အဓိကတော့ စစ်ကောင်စီက အရပ်သားတွေကို AA နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးနေတာ။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာ ၅ ရွာထက်မနည်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အပါအဝင် ဒေသခံ ၄၀ ကျော်ကို စစ်ကောင်စီက အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။
စစ်တွေမြို့နယ်က ရခိုင်ကျေးရွာတွေ အားလုံးနီးပါးကို စစ်ကောင်စီက ကျေးရွာတွေအတွင်းက နှင်ထုတ်ထားပြီး အဲဒီကျေးရွာတွေကို ဖျက်ဆီးကာ စစ်စခန်းတွေအဖြစ် တည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။
စစ်တွေမြို့နယ်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၅ ခုနှစ် အစောပိုင်းကတည်းက စစ်တပ်က စစ်တွေမြို့နယ် မွတ်စလင်ကျေးရွာတွေက ဒေသခံတွေကို မြို့ထဲ ဝင်ရောက်ခွင့် တင်းကျပ်ထားပြီး ဝင်ရောက်တဲ့သူတွေကိုလည်း စစ်ကောင်စီဂိတ်တွေမှာ ငွေကြေး အဆမတန် တောင်းခံတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။










