Home
မြန်မာသတင်း
ကချင်စစ်ရှောင်စခန်းများတွင် ကိုဗစ်ပိုးတွေ့လူနာများလာသဖြင့် အရေးပေါ်အကူအညီလိုအပ်
DVB
·
July 27, 2021
225483386_127329936245997_8942337078236319438_n
225456891_127329862912671_4501407008018557377_n
225392521_148352984074494_4124324309053714065_n
223530755_127329969579327_7441935659700375055_n
222014187_127330009579323_5227056961735695926_n

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ အခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာတွေ တိုးလာပြီး အသွားအလာကန့်သတ်ထားရာ အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့  စခန်းတာ၀န်ရှိသူတွေထံကနေ သိရပါတယ်။

ဇူလိုင် ၂၆ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင် လူဦးရေ ၆၀၀ ကျော်နေတဲ့ ရွှေစက် IDPs စခန်းမှာ ကျန်းမာရေးစစ်ဆေးရာမှ ပိုးတွေ့လူနာ ၁၆ ဦးတွေ့ခဲ့ပါတယ်။ ကျန်းမာရေးကိရိယာမလုံလောက်တာကြောင့် နေမကောင်း အနံ့ပျောက်တဲ့ သူတွေကို ဦးစားပေးစစ်ဆေးရာ ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး ကလေးနဲ့ သက်ကြီးတွေ ပါ၀င်တယ်လို့ သိရပါတယ်။

စခန်းထဲမှာ လူအများနဲ့နေထိုင်တာကြောင့် ထိစပ်မှုများကာ ပိုးတွေ့လူနာထပ်တိုးလာနိုင်တာကြောင့်  အရေးပေါ်အကူအညီတွေလိုအပ်နေပြီလို့ စခန်းတာ၀န်ရှိ ဆရာတစ်ဦးက ပြောပါတယ်။

ဝိုင်းမော်မြို့ရဲ့ အကြီးဆုံးမိုင်းနား KBC စစ်ရှောင်စခန်းမှာလည်း ဇူလိုင် ၂၅ ရက်ညမှာ  လူနာ ၂ ဦးထပ်မံတွေ့ရှိခဲ့တာကြောင့် ပိုးတွေ့လူနာ စုစုပေါင်း ၄ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

စစ်ရှောင်ဦးရေ ၃၀၀၀ လောက် နေထိုင်တဲ့ အဆိုပါ စခန်းကို ဇူလိုင် ၂၁ ရက်နေ့ကတည်းက လော့ဒေါင်းပြုလုပ်ထားတာကြောင့် အခုအခါ အစားသောက်နဲ့ကျန်းမာရေးအထောက်အပံ့တွေ စခန်းတာ၀န်ခံတွေက အရေးပေါ် အကူအညီတောင်းခံထားပါတယ်။

ဒေသတွင်းအလှူရှင်တချို့ လာကူညီတာရှိပေမဲ့ စစ်ရှောင်အိမ်ထောင်စု ၅၀၀ ကျော်ရှိတဲ့အတွက်  ဖူလုံမှုမရှိဘူးလို့သိရပါတယ်။ ခါတိုင်းက လစဉ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က တွေထောက်ပံ့နေတာရှိပေမဲ့ ဒီလအတွက်မရှိသေးဘူးလို့ စစ်ရှောင် ဒေသခံ‌တွေဆီကသိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024