DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရပြီး မနိုင်မနင်းဖြစ်နေ၊ ကူးစက်နှင့်သေဆုံးနှုန်း ပိုများလာနိုင်
DVB
·
July 24, 2021
ရန်ကုန်တွင် ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်ကူးစက်ခံရပြီး မနိုင်မနင်းဖြစ်နေ၊ ကူးစက်နှင့်သေဆုံးနှုန်း ပိုများလာနိုင်
1 / 2
Donate to DVB

ရန်ကုန်မြို့မှာ  အစိုးရဆေးရုံတွေက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပြီး ဝန်ထမ်းအင်အားမလုံလောက်တဲ့အပြင် စစ်ကောင်စီကျန်းမာရေး ဝန်ကြီးဌာနကနေ ထောက်ပံ့မှု ဘာမှမရတာကြောင့် သေဆုံးနှုန်းနဲ့ ကူးစက်နှုန်း ပိုများ လာနိုင်တယ်လို့ အစိုးရဆေးရုံတစ်ခုမှာ တာဝန်ထမ်းနေတဲ့ Non CDM သူနာပြုဆရာ မတစ်ယောက်က ပြောပါတယ်။

ရန်ကုန်မြို့မှာ ဇူလိုင်လဆန်းကစပြီး ကိုဗစ်ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းများပြားခဲ့တာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးဝန်ထမ်းအများစုက CDM ဝင်ခဲ့တဲ့အတွက် ဆေးရုံတွေမှာ ကျန်းမာရေးဝန်ထမ်းအနည်းငယ်ပဲကျန်ရစ်ခဲ့ပါတယ်။ 

ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေတုန်းက အစိုးရရဲ့ထောက်ပံ့မှုနဲ့ ဝန်ထမ်းအင်အား အလုံအလောက်ရှိတာတောင် ရောဂါကူးစက်မှုကို ကြိုးစားထိန်းခဲ့ရတာဖြစ်ပြီး စစ်ကောင်စီလက်ထက် ထောက်ပံ့မှုနဲ့ ဝန်ထမ်းအင်အားအလုံအလောက်မရှိချိန်မှာတော့ အစိုးရဆေးရုံတွေဟာ ပြည်သူကိုစောင့်ရှောက်ပေးဖို့ အခက်အခဲဖြစ်နေတယ်လို့ Non CDM သူနာပြုဆရာမက ပြောပါတယ်။ 

အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေသာမက မိသားစုတွေပါ  ပိုးကူးစက်တာခံနေရတယ်လို့လည်း ဆိုပါတယ်။

“positive တွေထွက်နေတာကြတာ။ လက်ထောက်ဆရာဝန် AS က နည်းနည်းပဲရှိတာ။ သုံးယောက်လောက်က Positive ထွက်တာ ကျန်တဲ့လူနဲ့ပဲ Run ဆိုတော့လည်း သူတို့လည်းပင်ပန်းပေါ့။  SAS တွေထဲမှာလည်း Positive တွေ ထွက်ကြပေါ့။ Positive ထွက်တဲ့သူတွေကနား ကျန်တဲ့သူတွေက ဆက်လုပ်။ တစ်ဆတွေ နှစ်ဆတွေ သုံးဆတွေ လုပ်နေကြရတာပေါ့။ ဆရာမအငယ်လေးတွေထဲမှာလည်း ရှင်းရှင်းပြောရရင် အနံ့ပျောက်ချင်သလိုလိုပဲ ဆိုတာနဲ့ အလုပ်လုပ်ကြရတာလေ။ အဲဒီတော့ အနံ့ပျောက်တယ်ဆိုရင်  နားခိုင်းပြီး ရှိတဲ့သူနဲ့ပဲ နိုင်သလောက်လုပ်ရတယ်။ ကူးတော့ကူးနေကြတာပဲ။ မတတ်နိုင်ဘူး” လို့ Non CDM သူနာပြုဆရာမက ပြောပါတယ်။ 

အစိုးရဆေးရုံတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ငန်းလမ်းညွှန်ချက်တွေ ချပေးတာ၊ အထောက်အပံ့ပေးတာလည်း ဘာမှမရှိခဲ့သလို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဆီက ကိုဗစ်အရေးအတွက် လုပ်ငန်းလမ်းညွှန်ချက်တွေလည်း လက်ရှိအချိန်အထိ ဘာမှမကြားရသေးဘူးလို့ Non CDM သူနာပြုဆရာမက ပြောပါတယ်။ 

“အရင်လူအပြည့်အစုံရှိတာတောင် ကျမတို့ မနည်းကျုံးရုန်းလုပ်ရတာလေ။ အခုက လူမရှိတော့ ကိုယ်နိုင်သလောက်လေးတော့ လုပ်ပေးကြရတာပေါ့။ CDM သမားနဲ့တော့ မဆိုင်ပါဘူး။ ပြည်သူတွေရဲ့ ကံကြမ္မာပဲပေါ့။ စကစ ကတော့ သူတို့ကိုင်တွယ်ထားတာ သူတို့ကိုယ်သူတို့ ဘယ်လိုလုပ်ဆောင်နေလဲ မသိဘူး။ တွေ့လည်းမတွေ့ရဘူး မြင်လည်း မမြင်ရဘူးလေ။ သူတို့ဘာမှ မှမလုပ်တာ။ ကျန်းမာရေးဝန်ကြီး ပိုဆိုးသေးတယ်။ ဘာမိန့်မှာချက်မှ မထွက်ဘူး။ ဘာသံမှမကြားရဘူး။ အဲဒီလိုတွေ ဖြစ်နေကြတာ။” 

ရန်ကုန်ဆေးရုံတွေကို အောက်ဆီဂျင်ကျပြီး အခြေအနေဆိုးတဲ့လူနာတွေ ရောက်လာခဲ့ပေမယ့် တာဝန်ယူ လက်ခံကုသပေးဖို့  ကျန်းမာရေးဝန်ထမ်းနဲ့ လိုအပ်တဲ့အထောက်အပံ့တွေ မရှိခဲ့တဲ့အတွက် အကူအညီမပေးနိုင်ဖြစ်ခဲ့တယ်လို့ Non CDM သူနာပြုဆရာမက ပြောပါတယ်။ 

“အောက်ဆီဂျင်ကျနေတာကိုး။ သူတို့လာတဲ့အခါ ငွေ့ငွေ့လေးပါတဲ့ဟာမျိုးတွေ၊ ၃၀ ကျော်လောက် ကျနေတဲ့ဟာမျိုးတွေ၊ ခုတင်မရှိ အောက်ဆီဂျင် point မရှိတဲ့ဟာမျိုးတွေဆိုရင် မြန်မြန် တခြားဆေးရုံသွားပြောပေမယ့် တိုင်းတခုလုံး ပတ်ရှာခဲ့တဲ့သူတွေ ကျမတို့ဆေးရုံမှာတင် သေသွားတာမျိုးတွေလည်း ရှိတာပဲ။ အိမ်ပြန်ခေါ်သွားရတာမျိုးလည်း ရှိတာပဲ။ အများကြီး ဖြစ်နေတာကိုး။ ကိုယ်က အောက်စီဂျင် point ရှိသလောက်ပဲ တင်ပေးနိုင်တာလေ။ အရင်လို အများကြီး တင်ပေးလို့မရဘူး။ ပြီးတော့ ကြည့်ရှုစောင့်ရှောက်ပေးမယ့်သူလည်း မရှိ၊ ဆရာမလည်း မရှိ၊ ဆရာဝန်အင်အားလည်း မရှိဘူး” လို့  Non CDM သူနာပြုဆရာမက ပြောပါတယ်။

ရန်ကုန်မြို့က မြေပြင်အခြေအနေတွေအရ ထိရောက်တဲ့ကာကွယ်မှုတွေမလုပ်ရင် ကိုဗစ်ကူးစက်မှုနဲ့ သေဆုံးနှုန်းဟာ ပိုးဆိုးလာနိုင်တယ်လို့  ကျန်းမာရေးဝန်ထမ်းတွေက ခန့်မှန်းပါတယ်။ 

“အခြေအနေက ဒီထက်ဆိုးဖို့ပဲရှိတာ။ ပြောမယ်ဟေ့ဆိုရင် လူတိုင်းနီးပါးလောက်ကို ကူးစက်ခံရတဲ့ အနေအထားဖြစ်နေတာလေ။ ကျမတို့ဆီက ဆရာဝန်တွေဆိုရင် မိသားစုတွေပါ Positive ထွက်နေတာလေ။ တစ်ယောက်ဖြစ်ရင် အိမ်ကလူအကုန်ဖြစ်နေတဲ့ပုံစံဆိုတော့ ပြင်ပမှာ ဖြစ်နေတာတွေက ထိန်းချုပ်မှုမရှိဘူး။ ကာကွယ်မှုမရှိဘူးလေ။ အောက်ဆီဂျင်လိုက်ရှာလည်း ဒီအိမ်သားတွေပဲ။ ဒီလူတွေကလည်း Mask နဲ့ Glove လေးဝတ်ထားတာကလွဲလို့ ဘာမှ အကာအကွယ်ယူပြီး လုပ်နေကြတာမှ မဟုတ်ဘဲ။ သုသာန်တွေမှာ ကားတွေက သွားစုပုံနေတာ။ ဘာအကာအကွယ်မှမရှိဘူး” လို့ Non CDM သူနာပြုဆရာမက ပြောပါတယ်။

နယ်မြို့တွေက ဆေးရုံတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေကို ပိုးကူးစက်တာကြောင့် ဆေးရုံလုပ်ငန်းရပ်နားရတဲ့အထိ အခြေအနေဆိုးနေတဲ့ ဖြစ်စဉ်တွေရှိနေပါတယ်။ 

စစ်ကိုင်းတိုင်း၊ ရေဉီးမြို့မှာ ဇူလိုင် ၂၃ရက်နေ့က ကျန်းမာရေးဝန်ထမ်းတွေအပါအဝင် ၆၄ ဦး ပိုးတွေ့ခဲ့တဲ့အတွက် ပြည်သူ့ဆေးရုံကြီးကို ယာပီပိတ်ခဲ့ရပါတယ်။ 

မွန်ပြည်နယ်က ဆေးရုံတွေမှာလည်း လူနာအဆမတန်များလာချိန်မှာ ပိုးစစ်ဆေးပေးတဲ့ လုပ်ငန်းကို မဆောင်ရွက်ပေးနိုင်တော့လို့ လုပ်ငန်းရပ်ဆိုင်းတာတွေရှိခဲ့ပါတယ်။

Photo -MOHS (ယခင်ပုံအဟောင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013