
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ရွာနားမှာရှိတဲ့ မမြဆည်ဟာ အောက်တိုဘာ ၁၀ ရက် ဒီမနက်အစောပိုင်းမှာ ကျိုးကျလုနီးပါးဖြစ်နေလို့ အနီးအနားက ကျေးရွာတွေ အရေးပေါ် ပြောင်းရွှေ့ နေရတယ်လို့ သိရပါတယ်။
မနေ့ညသန်းခေါင်းကျော် ဒီကနေ့ မနက်အစောပိုင်း ကတည်းက တာဘောင်အိကျသွားတာဖြစ်ပြီး တာကျိုးနိုင်ခြေ ရာနှုန်းပြည့်ရှိနေတာကြောင့် အန္တရာယ်ရှိနိုင်တဲ့ အနီရောင်အဆင့် သတ်မှတ်ထား တယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“အနားကရွာတွေကို ညကတည်းက ရွှေ့ခိုင်းထားတယ်။ ရွှေ့ပြောင်းနေကြပါပြီ။ တာက ကျိုးဖို့ သေချာတယ်။ ပဲ့ကျသွားတဲ့နေရာက တည်းတည်းပဲကျန်တာ။ ဒီနေ့ခင်းတောင်မသေချာဘူး”
မမြဆည်ဟာ မြန်အောင်နဲ့ အင်္ဂပူမြို့နယ်ထဲက နွေစပါးစိုက်လယ်တွေအတွက် ရေပေးဝေဖို့ တည်ဆောက်ထားတဲ့ဆည်ဖြစ်ပြီး ဧက ၇၀,၀၀၀ လောက် အကျယ်အဝန်းရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဆည်ရဲ့ အနီးပတ်ဝန်းကျင်မှာ မျှင်ဝါးတောင်၊ အုတ်ပုံ၊ တုပ်ကွင်း၊ ညောင်ခုံ၊ ရွာသစ်ကုန်း၊ ရွာသစ်စု၊ ကမ်းပဲ့၊ လက်ပံကွင်း၊ မကျည်းအုပ်စတဲ့ ကျေးရွာတွေရှိနေပြီး ထူးကြီးမြို့လည်းရှိနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းတုန်းကလည်း မမြဆည်ရဲ့တာဘောင် အလျား ၇၅ ပေ လောက် အိကျသွားလို့ အရေးပေါ်ဝိုင်းဝန်းပြုပြင်ခဲ့ရပါသေးတယ်။
အခုတကြိမ်တာဘောင်ပြိုကျတာကတော့ အရင်လထက် အခြေအနေဆိုးရွားပြီး ရာနှုန်းပြည့် ကျိုးကျခါနီးအခြေအနေရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
လက်ရှိမှာ ပြန်လည်ပြုပြင်ဖို့ အခက်အခဲရှိနေတာကြောင့် ရေထုထည်လျှော့နိုင်ဖို့ ဆည်ရေ စလွှတ် နေပြီလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
“ဆည်ရေကို ရွာတွေဘက်မလွှတ်ဘဲ ရေဝါးတောဘက်ကို လွှတ်နေပါတယ်။ အရမ်းတော့ မစိုးရိမ်ရပါဘူး” လို့ အခြေအနေကိုသိတဲ့ ဒေသခံတယောက်က ပြောပါတယ်။
တကယ်လို့ မမြဆည်ကျိုးကျသွားမယ်ဆိုရင် မြန်အောင်ခရိုင်အပြင် ဟင်္သာတခရိုင်က ကျေးရွာတွေ လည်း ရေဝင်နစ်မြုပ်နိုင်ပြီး ဆုံးရှုံးမှုများနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။











