
ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်ထဲက မမြဆည်ရဲ့ အိကျသွားတဲ့ တာဘောင်ဟာ ပြိုကျလုနီးနီး ဖြစ်နေပြီး စစ်အာဏာရှင်လက်အောက်ခံ တိုင်းအစိုးရရဲ့ အရေးပေါ် ပြုပြင်မှုလုပ်ငန်းတွေဟာ ထိရောက်မှုမရှိဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက် မနေ့က ညပိုင်းကတည်းက တာဘောင်ရဲ့ အရှည်ပေ ၂၀၀ လောက်ဟာ မြေသား အိကျသွားပြီး ပြိုကျလုဆဲဆဲ အခြေအနေ ဖြစ်နေတာပါ။
ဆည်မြောင်းဘက်က ရေပိုလွှဲကနေ ရေထုတ်ပေးတာတွေ ရှိပေမဲ့ ဒီနေ့ မနက်ပိုင်းမှာတော့ တာဘောင်ရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မြန်အောင်ဒေသခံတယောက်က “မနေ့ကတော့ ဝန်ကြီးချုပ် လာပါတယ်။ ဆည်မြောင်းက တာဝန်ရှိသူတွေနဲ့ တာပေါ်တက်ကြည့်ပြီး ပြန်သွားတာပါပဲ။ အခုထိ ဘာမှ ထိထိရောက်ရောက် မလုပ်နိုင်သေးပါဘူး။ တာကပြိုကျဖို့ ရာနှုန်းပြည့်လောက် ဖြစ်သွားပါပြီ။ ရေပြင်နဲ့ ၄ ပေလောက်ပဲ ကျန်တော့တာပါ။ တအိအိနဲ့ ထပ်ပြိုနေလို့ ဒီမနက်တော့ ဆည်အောက်က ကျေးရွာ ၁၀ ရွာကျော်ကို ထပ်ပြီး ရွှေ့ခိုင်းထားပါတယ်" လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာ ဆည်ကျိုးနိုင်တဲ့ အန္တရာယ် ရှိနေတာကြောင့် ဆည်အောက်ဘက်က ကျေးရွာ ၂၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပြီး ရွှေ့ပြောင်းရသူ လူဦးရေ ၃,၀၀၀ ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။
အဲဒီ ရွှေ့ပြောင်းလာသူ ထောင်နဲ့ချီကို ရေနံချက်ဖို၊ ရွာသစ်ကုန်း၊ ဥယျာဉ်ကွင်းနဲ့ ဆီခြံ စတဲ့ ကုန်းမြင့်ပိုင်းက ကျေးရွာတွေမှာ ကယ်ဆယ်ရေးစခန်း ၄ ခု ဖွင့်လှစ်ပြီး နေရာချထားပေးတယ်လို့ ဆိုပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း မြန်အောင်မြို့နယ်ထဲက မရွေးကုန်းနဲ့ လက်ပံကွင်း ကျေးရွာအုပ်စုတွေထဲမှာ ပါဝင်တဲ့ ကျေးရွာ ၁၃ ရွာက ဒေသခံတွေကို ထပ်မံ ပြောင်းရွှေ့ခိုင်းထားကြောင်း ဒေသခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
မမြဆည်ဟာ ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းက မျှဉ်ဝါးတောင် ကျေးရွာအနီးမှာ ရှိပြီး ၂၀၀၁ - ၂၀၀၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ကာ ၂၀၀၇ ခုနှစ်မှာ စီမံကိန်း ပြီးစီးခဲ့တဲ့ ရေလှောင်တမန် ဖြစ်ပါတယ်။
လက်ရှိမှာ ဆည်ရဲ့ တာဘောင် RD (9900 & 10000) ကြားက အရင်က မြေသားနိမ့်ကျခဲ့ဖူးတဲ့ နေရာမှာ ထပ်မံပြီး မြေသားအိကျကာ တာတခုလုံး ကျိုးကျလုနီးနီး အခြေအနေကို ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။











