DVB Logo
Home
မြန်မာသတင်း
မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးရန် NUG အစိုးရက နိုင်ငံတကာကို အရေးပေါ် မေတ္တာရပ်ခံ
DVB
·
July 18, 2021
မြန်မာကို လူသားချင်းစာနာမှုအကူအညီပေးရန် NUG အစိုးရက နိုင်ငံတကာကို အရေးပေါ် မေတ္တာရပ်ခံ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း အလွန်အမင်းတိုးပွားလာနေပြီး ပြည်သူ ၆ ဒသမ ၂ သန်း အစာရေစာပြတ်လပ်မှုနဲ့ ကြုံတွေ့နေတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချူပ်ရုံးက နိုင်ငံတကာအသိုက်အဝန်းထံ အရေးပေါ် မေတ္တာရပ်ခံချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ နိုင်ငံတကာအသိုင်းအဝန်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အစိုးရတွေနဲ့ စေတနာ သဒ္ဓါတရားထက်သန်တဲ့ လူပုဂ္ဂိုလ်တွေဆီ ဇူလိုင် ၁၈ ရက်နေ့စွဲနဲ့   အကူအညီတောင်းခံလိုက်တာပါ။

“အခုအခါ မြန်မာနိုင်ငံကပြည်သူတွေဟာ  စစ်အာဏာရှင်ရဲ့ မတရားအာဏာသိမ်းယူတာကို တွန်းလှန်နေရသလို၊ ကိုဗစ်-၁၉  တတိယလှိုင်းကို အလူးအလဲကာကွယ်နေရတဲ့ အလွန်ဆိုးဝါးသော တစ်မျိုးသားလုံးဆိုင်ရာ ကပ်ဘေးကို ကြုံတွေ့နေရပါတယ်။အခုလို ဆိုးရွားလှတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဒုက္ခပင်လယ် ဝေနေတဲ့ မြန်မာပြည်သူတွေအား နိုင်ငံတကာအသိုင်းအဝိုင်းက လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီများ ပေးအပ်နိုင်ဖို့ မေတ္တာရပ်ခံတယ်”လို့ NUG က ဆိုပါတယ်။

စစ်တပ်က မတရားအာဏာ သိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး လူပေါင်း ၉၁၂ ဦး သေဆုံးခဲ့သလို ကလေး သူငယ်တွေနဲ့ ကျန်းမာရေးလုပ်သားတွေ အပါအဝင် ၉၂၇၇ ဦးမှလာလည်း တရားမဝင် စစ်ကောင်စီရဲ့ အမျိုးမျိုးသော အမိန့်တွေနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ လူပေါင်း ၉၄၅၀၀၀ ကျော်မှာ အကူအညီလိုအပ်နေပြီး၊ ၃၃၆၀၀၀ ကျော်မှာ စစ်ဘေးဒဏ်ကို ပြေးရှောင်နေရသလို၊ အနည်းဆုံး လူပေါင်း ၆ ဒသမ ၂ သန်းမှာ အစားအစာပြတ်လပ်မှုကြုံနေရတယ်လို့ ဆိုပါတယ်။

တရားမဝင် စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုကြောင့် ကိုဗစ်-၁၉  တတိယလှိုင်းရဲ့ ပြင်းထန်ဟာ ရိုက်ခတ်မှုဟာ မထိန်းသိမ်းနိုင်တော့တဲ့ အခြေအနေရောက်ရှိနေပြီး သေဆုံးမှုတွေဟာလည်း တိုးပွားနေတယ်လို့ မေတ္တာရပ်ခံချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၅,၄၉၇ ယောက်၊ သေဆုံးသူ  ၂၃၃  ယောက်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၂၄,၂၃၆  ယောက်ထိရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေဟာ စနစ်တစ်ကျ ကောက်ယူ ထားခြင်းမရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတဲ့ စာရင်းထုတ်ပြန်ချက်တစ်ခုသာဖြစ်တယ်လို့ NUG အစိုးရက ဆိုပါတယ်။

လက်ရှိ အခြေအနေကတော့ ဆေးရုံတွေမှာ လူနေတွေအတွက် အိပ်ရာတွေမလုံလောက်တဲ့အပြင် ကိုဗစ်ရောဂါ ကူးစက်သူတွေလည်း ကုသဖို့ ငြင်းဆန်တာတွေဖြစ်ပေါ်နေပြီး အောက်စီဂျင်ပြတ်လပ်မှုမှာ တစ်ဖြည်းဖြည်း ပိုမိုဆိုးရွားလေကာ စစ်ကောင်စီကလည်း အောက်ဆီဂျင်ထုတ်လုပ်မှုတွေနဲ့ အောက်ဆီဂျင် ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေကို လူမဆန်စွာ ပိတ်ပင်တားဆီးပြီး သိမ်းပိုက်ထားကြောင်းလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးစနစ်နဲ့ ကျန်းမာရေးလုပ်သားတွေအပေါ်ကိုလည်း ပစ်မှတ်ထား နှိမ်နင်းနေပြီး ကိုဗစ်-၁၉ ကပ်ရောဂါအား စစ်လက်နက်တစ်ခုအဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြောင်း တစ်ဖြည်းဖြည်း ပေါ်လွင်လာနေတယ်လို့ ဆိုပါတယ်။

အခုအခါ မြန်မာပြည်မှာ  ကျန်းမာရေး ဝန်ဆောင်စောင့်ရှောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ၂၅၀ ကျော်ရှိပြီဖြစ်ပြီး တိုက်ခိုက်ခံရမှုအများဆုံး တိုင်းပြည်ဖြစ်သလို၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေအတွက် အန္တရာယ်အရှိဆုံး တိုင်းပြည်တစ်ခုဖြစ်လာနေတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတကာက ချက်ခြင်းကူညီဆောင်ရွက်ခြင်းမရှိပါက မြန်မာနိုင်ငံဟာ မျိုးကွဲရောဂါသစ် အပါအဝင် ကိုဗစ်-၁၉  ပြန့်ပွားစေတဲ့ အဓိက နိုင်ငံတစ်ခုဖြစ်လာနိုင်ကြောင်းလည်း NUG ရဲ့ မေတ္တာရပ်ခံစာက ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တစ်မျိုးသားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်ဖို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်သလို ပြည်သူလူထုအားလုံး အတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့တွေနဲ့ ကာကွယ်ရေး လိုအပ်ချက်တွေကို အစွမ်းရှိသလောက် လုပ်ဆောင်ပေးသွားမယ်လို့လည်း NUG ရဲ့ ပန်ကြားချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ကိုဗစ်ကူးစက်ပျံ့နှံ့မှု အခြေအနေဟာ ထိန်းမနိုင် သိမ်းမရအဆင့်ကို ရောက်ရှိနေပြီး မြန်မာကိုဗစ် ဗိုင်းရပ်စ်မျိုးကွဲသစ်တွေက ကမ္ဘာကြီးကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မူဟာ မကြုံစဖူးလောက်အောင် အလိုအပ်ဆုံးအခြေအနေ ဖြစ်နေပြီလို့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက သူ့ရဲ့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စုစုပေါင်းရင်ကမ္ဘာ့လူဦးရေ တဝက်လောက်ရှိတဲ့ နိုင်ငံကြီး၂ခုနဲ့ မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်းထိဆက်နေပြီး နယ်စပ်တွေဆိုတာ ရောဂါစိမ့်ဝင်ကူးစက်နိုင်ခြေရှိနေတယ်လို့ လည်း သတိပေးရေးသားထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ အကျပ်အတည်းဟာ ပိုမိုနက်ရှိုင်းလာနေပြီး အဆိုးတကာ့ပေါင်းစုံ ဆုံနေတဲ့ မြန်မာ့နိုင်ငံရေးမုန်တိုင်းကို ဖြေရှင်းပေးဖို့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ အရေးပေါ်လုပ်ဆောင်ဖို့လည်း မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် သောမတ်စ်အင်ဒရူးက တောင်းဆိုထားပါတယ်။

PHOTO- ဘိုစိန် လူမှုကူညီကယ်ဆယ်ရေးအသင်း (ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013