DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကိုဗစ်လူနာ ၂၄ ဦး ထပ်မံသေဆုံး၊ ဆေးဝါးနှင့်အောက်ဆီဂျင် မလုံမလောက်ဖြစ်နေ
DVB
·
July 18, 2021
မန္တလေးတွင် ကိုဗစ်လူနာ ၂၄ ဦး ထပ်မံသေဆုံး၊ ဆေးဝါးနှင့်အောက်ဆီဂျင် မလုံမလောက်ဖြစ်နေ
1 / 3
Donate to DVB

မန္တလေးမြို့ရှိ ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတွေမှာ ဆရာဝန်၊ ဆေးဝါးနဲ့ အောက်စီဂျင် မလုံလောက်တာကြောင့် သေဆုံးမှု မြင့်တက်နေပြီး ဇူလိုင် ၁၇ ရက်ကလည်း လူနာ  ၂၄ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းဆီက သိရပါတယ်။

မန္တလေးမြို့ခံပရဟိတအသင်းတစ်သင်းရဲ့ တာဝန်ခံတစ်ဦးက “အခုလက်ရှိမှာ ဆေးရုံက ဝန်ဆောင်မှု ကုသမှုကောင်းကောင်းမပေးနိုင်လို့ ဆေးရုံတက်မကုသကြတော့ပဲ အိမ်မှာပဲ အရပ်ဆရာဝန်ဆီမှာ ပြပြီး ကြိတ်ကုနေကြတာပါ၊ ဆေးရုံမှာ ဆရာဝန် လုံလုံလောက်လောက် မရှိသလို ဆေးဝါးတွေ လုံလုံလောက်လောက် မရှိဘူး။ အောက်ဆီဂျင်လိုရင်လည်း လူနာရှင်က ကိုယ်တိုင်ထွက်ရှာရတဲ့ အခြေအနေတွေပါ။ ဒါကြောင့် နေ့စဉ် သေဆုံးမှုတွေ မြင့်တက်နေတာပါ” လို့ ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူရော သေဆုံးသူပါ မြင့်တက်လာပြီးနောက် မန္တလေးမှာ ဇူလိုင် ဒုတိယအပတ်ကစတင်ပြီး  အောက်ဆီဂျင်အိုးနဲ့ ဆက်စပ်ပစ္စည်းတွေ အဆမတန် စျေးမြင့်တက်နေပါတယ်။

စျေးကွက်မှာ 40L အောက်ဆီဂျင်အိုးတစ်အိုးကို ကျပ် ၈ သိန်းဝန်းကျင် စျေးရှိနေပြီး တရုတ်နိုင်ငံထုတ် Flow Meter တစ်ခုကို ကျပ် ၄၀၀၀၀ ဝန်းကျင်ထိ စျေးရှိနေပါတယ်။ 

“ဟိုတလောက မြဝတီက အောက်ဆီဂျင်အိုး လှမ်းမှာတာ 40L တအိုးကို ၈ သိန်း ဖြစ်နေပြီ။ သယ်ယူစရိတ်တွေ Flow Meter တပ်ဆင်တာတွေ မပါသေးဘူး၊ သယ်ယူစရိတ်တွေ၊ Flow Meter တပ်ဆင်တာနဲ့ လေထည့်တာ အပြီးအစီးဆို ၁၀ သိန်းကျော်ထိ စျေးရှိနေတယ်။ ၁၀ သိန်းကျော်မှာ တပ်တဲ့ Flow Meter က တရုတ်ကလာတာတွေတောင် သုံးသောင်းခွဲ၊ လေးသောင်း ပေးရတယ်၊ အရင်က အကောင်းစား Flow Meter ကို နှစ်သောင်းခွဲလောက်ပဲ စျေးရှိခဲ့တာ” လို့ မန္တလေးမြို့ခံပရဟိအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ် 

ကိုဗစ်တတိယလှိုင်း မစတင်မီက အကောင်းစား Flow Meter ပါ 40L တလုံးကို ကျပ် ၁ သိန်းခွဲ ဝန်းကျင်သာ စျေးရှိခဲ့ပေမယ် ဇွန် တတိယအပတ်နောက်ပိုင်း 40L အလွတ်တစ်လုံးကို ၄ သိန်းဝန်းကျင်၊ ဇူလိုင်ဒုတိယအပတ်မှစတင်၍ 40L အလွတ်တအိုးကို ၈ သိန်းထိ စျေးရှိလာတာပါ။

အခုလို အောက်ဆီဂျင်အိုးနဲ့ ဆက်စပ်ပစ္စည်းတွေ စျေးနှုန်းအဆမတန် မြင့်တက်နေပေမယ့် စျေးကွက်အတွင်း ဝယ်လိုအားကောင်းပြီး ပစ္စည်းပြတ်လပ်နေဆဲ ဖြစ်ပါတယ်။

အောက်ဆီဂျင်အိုးနဲ့ ဆက်စပ်ပစ္စည်းများ ဝယ်လိုအား မြင့်တက်နေချိန် အခွင့်ကောင်းယူကာ လိမ်လည်မှုတွေ ရှိနေတဲ့အတွက် အမှန်တကယ် လိုအပ်နေသူများအနေဖြင့် နီးစပ်ရာ ပရဟိတအသင်းများထံ အကူအညီတောင်းခံကာ ငှားရမ်းတာတွေ ဝယ်ယူတာတွေ လုပ်သင့်တယ်လို့ မန္တလေးမြို့ခံပရဟိအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတိုင်း အောက်စီဂျင် လိုအပ်တယ်လို့ လွဲမှားတဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ ကြိုတင်ဝယ်ယူထားတာတွေရှိနေတဲ့အတွက် အမှန်တကယ် လိုအပ်သူများ အခက်အခဲဖြစ်ပေါ်ကာ မသေသင့်ဘဲ သေဆုံးမှုတွေ ရှိလာပါတယ်။

ဒေသခံပရဟိတအသင်းတာဝန်ခံတစ်ဦးက “ကိုဗစ်ကာလ သေဆုံးမှုတွေကို ဆရာဝန်က ကိုဗစ်လို့ အတည်ပြုထားတဲ့ လူတွေ ဆုံးတာရှိသလို အိမ်မှာ ကြိတ်ကုရင်း ဆုံးတာတွေလည်း ရှိတယ်။ သူတို့ကိုတော့ အရပ်ဆရာဝန်တွေက အတည်ပြုပေးတယ်၊ အရပ်ထဲမှာ သေဆုံးသူတွေက အရပ်ဆရာဝန် လက်မှတ်ရယ်၊ ပရဟိတအဖွဲ့ရဲ့ လက်မှတ်နဲ့ သင်္ဂြိုဟ်နေရတာပါ။”လို့ ပြောပါတယ်။

မန္တလေးမြို့မှာ ဇူလိုင် ၁၇ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ သံသယရှိသူ ၂၄ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။ 

ဇူလိုင် ၁၅ ရက်က မန္တလေးဆေးရုံကြီး ရင်ခွဲရုံမှာ ၁၂ ဦး၊ ကန်တော်ကြီးသံဃာဆေးရုံမှာ ၄ ဦး၊ အလုပ်သမားဆေးရုံမှာ ၂ ဦး၊ မြို့တော်ဆေးရုံမှာ ၁ ဦး၊ အရပ်ထဲမှာ ကိုဗစ်သံသယရှိသူ ၅ ဦး သေဆုံးခဲ့ရာ ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က အေးရိပ်ငြိမ်သုသာန်သို့  ပို့ဆောင်သင်္ဂြိုဟ်ပေးခဲ့ပါတယ်။ 

ဖော်ပြပါ ကိုဗစ်ကြောင့် သေဆုံးသူ စာရင်းဟာ မန္တလေးမြို့ခံပရဟိတအသင်းတချို့ရဲ့ ကူညီဆောင်ရွက်ပေးခဲ့ အချက်အလက်တွေသာဖြစ်ပြီး  မြေပြင်မှာ သေဆုံးသူစာရင်းမှာ ပိုများနိုင်ပါတယ်။ 

စစ်ကောင်စီကျန်းမာရေးဌာနကတော့ ဇူလိုင် ၁၅ ရက်ည ၈ နာရီမှ ဇူလိုင် ၁၆ ရက် ည ၈ နာရီအတွင်း မန္တလေးတိုင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၈၀၃ ဦးတွေ့ရှိပြီး  သေဆုံးသူ ၂၈ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013