DVB Logo
Home
မြန်မာသတင်း
မူဆယ်နယ်စပ်တွင် ပိတ်မိနေသည့် ကုန်တင်ကားသမားများ စားစရိတ်ပြတ်ပြီး အခက်ကြုံ
DVB
·
July 17, 2021
မူဆယ်နယ်စပ်တွင် ပိတ်မိနေသည့် ကုန်တင်ကားသမားများ စားစရိတ်ပြတ်ပြီး အခက်ကြုံ
1 / 3
Donate to DVB

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်မှာ တရုတ်နိုင်ငံကို ကုန်တင်ပို့ဖို့ တန်းစီ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားသမားတွေ ရက်ကြာလာတာနဲ့အမျှ စရိတ်ပြတ်ပြီး အစားအသောက် အခက်အခဲ ကြုံနေကြရတယ်လို့ သိရပါတယ်။

ကုမ္ပဏီနဲ့ ကုန်သည်အများစုကလည်း ဖုန်းမကိုင်တာနဲ့ ဖုန်းပိတ်ပစ်ကာ အဆက်အသွယ် ဖြတ်‌‌တောက်ထားတာကြောင့်  စရိတ်တွေပြတ်ပြီး အခက်အခဲ ကြုံနေရတယ်လို့ လက်ရှိ ကြူကုတ် (ပန်ဆိုင်း)-ဝမ်တိန်လမ်းကြောဘက်မှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ကိုသီဟက ပြောပါတယ်။

“ကျနော့် ကုန်သည်က တပတ်စောင့်ခိုင်းတယ်။ အပြင်ချဖို့ ၁၀ ရက်စောင့်တယ်။ ဖုန်းဆက်တော့ block ထားတယ်။ ဘယ်ဖုန်းနဲ့ ဆက်ဆက်ဗျာ။" 

ကိုဗစ်-၁၉ ရောဂါကြောင့် ဈေးသည်တွေ လာလို့မရသလို ရွာတွေကလည်း ပိတ်ထားပြီး အဝင်မခံတာကြောင့် ဝယ်ယူလို့မရ ဖြစ်နေကြတဲ့အပြင် kbz pay နဲ့ wave money မှာလည်း ငွေထုတ်ယူလို့ မရတာ‌ကြာင့် စားရေးသောက်ရေး လုံး၀ အဆင်မပြေဖြစ်လို့ ၁၀၅ မိုင်အနီးထိ ပြန်လှည့်လာခဲ့ရတယ်လို့ ကျင်စန်းကျော့-ဝမ်တိန်လမ်းကြောဘက် ပိတ်မိနေတဲ့ ကုန်တင်ယာဉ်မောင်း ကိုထွန်းမင်းစိုးက ပြောပါတယ်။

“၂ လ ကျော်ပြီ။ ခေါက်ကြေး တခေါက်စာတောင် မရကြသေးဘူး။ ကားသမား မိသားစုတွေ ဆိုတာ လျှာပေါ်မြက်ပေါက်နေရောပေါ့။”

ထမင်းဖိုးပေးတဲ့ အုံနာတွေက ဂိတ်မပိတ်လည်း တနေ့ ထမင်းဖိုး ၆၀၀၀ ကလွဲရင် ခေါက်ကြေးက တခေါက်ပြည့်မှ တခေါက်စာ ပေးတာကြောင့် ခေါက်ကြေးစား ကားသမားတွေ ပိုပြီး အခက်အခဲကြုံနေတယ်လို့ ဆိုပါတယ်။

တချို့ကုန်သည်က ကုန်ချ‌ထားခိုင်းပေမယ့် တရုတ်ဘက်က ဂိတ်ပြန်ဖွင့်ပြီး ကုန်အထဲရောက်မှ ပိုက်ဆံအပြည့်ရှင်းမှာ ဖြစ်တာကြောင့် စရိတ်က အရှုံးပေါ်နေပြီလို့ ယာဉ်မောင်း နောက်တဦးက ပြောပါတယ်။

စားဝတ်နေရေး အခက်အခဲသာမက ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှာလည်း ယာဉ်မောင်းတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ကုန်တင်ယာဉ်မောင်း တစ်ဦးက "ကားဝင်ဖို့ တန်းစီလာတာ ၂ လ နီးပါးရှိနေပြီ။ ပဲတီစိမ်း အိတ်ရေ ၃၅၀ ပါတယ်။ တစ်အိတ်ကို တစ်သောင်းနှင့် ရောင်းရင်တောင် ၃၅ သိန်း ရမယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ရောဂါ ကပ်ဆိုး ဆိုက်နေတဲ့အချိန် အဲလို မညစ်ပတ် ချင်ဘူး။" 

မြန်မာဘက်မှာ တန်းစီပိတ်မိနေတဲ့ ကုန်တင်ကားတွေ များနေတာကြောင့် မြန်မာကုန်သည်တွေ နဲ့တောင်သူတွေ ဆုံးရှုံးနစ်နာမှုတွေ အများကြီး ထပ်ရှိဦးမှာဖြစ်တယ်လို့ စိုင်းမြင့်ဗိုလ် သစ်သီးပွဲရုံက မနန်းခမ်းခင်က ပြောပါတယ်။

ကိုဗစ်-၁၉ အခြေအနေကြောင့် မြန်မာ - တရုတ် အဓိက ကုန်သွယ်နေတဲ့ ကျင်စန်းကျော့နဲ့ ကြူကုတ်(ပန်ဆိုင်း) နှစ်နိုင်ငံ နယ်စပ် ဝင်၊ထွက် ဂိတ်ကို ဇူလိုင်လ ၈ ရက်နေ့ နေ့ခင်းပိုင်းမှာ တရုတ်ဘက်က လုံးဝ ပိတ်လိုက်ပါတယ်။

ဒါ့ကြောင့် တရုတ်ဘက်ကို ကုန်တင်ပို့မယ့် ကုန်တင်ကား ၃၀၀၀ ကျော် မြန်မာဘက်ခြမ်းမှာ ပိတ်မိနေပြီး တရုတ်ဘက် ဝမ်တိန်ထဲမှာလည်း မြန်မာကုန်တင်ကားတွေ ရာချီ ပိတ်မိနေပါတယ်။

Photo Crd# ကုန်တင်ယာဉ်မောင်းများ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013