DVB Logo
Home
မြန်မာသတင်း
ရခိုင်ကျောင်းသား ၄ ဦးကို ရုံးထုတ်စဉ် ထပ်မံဆန္ဒပြသဖြင့် ရိုက်နှက်ပြီး ထောင်ကိုပြန်ပို့ခံရ
DVB
·
July 17, 2021
ရခိုင်ကျောင်းသား ၄ ဦးကို ရုံးထုတ်စဉ် ထပ်မံဆန္ဒပြသဖြင့် ရိုက်နှက်ပြီး ထောင်ကိုပြန်ပို့ခံရ
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖက်ဆစ်စစ်တပ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုကြောင့် တစ်နှစ်နီးပါး ဖမ်းဆီးခံနေရတဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်  ကျောင်းသား ၄ ဦးကို ဇူလိုင် ၁၆ ရက်နေ့က စစ်တွေတရားရုံးမှာ ရုံးထုတ်ပါတယ်။

ဒီလို ရုံးထုတ်စဉ်မှာ ဖမ်းဆီးခံကျောင်းသားတွေက ထပ်မံဆန္ဒပြခဲ့တာကြောင့် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေက ကျောင်းသားတွေကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးပြီး  အကျဉ်းထောင်ကို ပြန်ပို့ဆောင်လိုက်တယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုကျော်ဝင်းထွန်းက ပြောပါတယ်။

“ဒီနေ့မှာ လျှောက်လဲချက်ပေးရမယ်ဆိုပြီးတော့ ရှေ့နေက ပြောထားတာပေါ့လေ။ ပြီးရင် ကျောင်းသားအမှုတွေနဲ့အတူ အကြမ်းဖက်အမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်မြို့နယ်တွေက ရွာသားတွေ ရှိတာပေါ့။ အဲဒီအမှုတွေက ရွာသားတွေကလည်း ဆိုင်းငံ့ကာလဖြစ်နေတယ်။ ဒီအမှုတွေက အမိန့်မချနိုင်ဖြစ်နေတယ်ဆိုတော့ ဒီကျောင်းသား ၄ ယောက်က သူတို့အတွက်ပါ အမိန့်ချပေး။ အမိန့်မချပေးရင် ရုံးမထွက်တော့ဘူးဆိုပြီးတော့ ရွာသားတွေအတွက် ဆန္ဒပြတာပေါ့။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်ကြတော့ သူတို့ကို ထောင်ကို တန်းပို့မယ်ဆိုပြီး အဓမ္မဖမ်းဆီး ချုပ်နှောင်ပြီးတော့ ကားပေါ်ကိုတင်လိုက်တာပေါ့။ ကျနော်တို့လည်း ကြားတယ်၊ အဲဒီနေရာမှာ ကျနော်တို့လည်း ရှိနေတော့ အချုပ်ကားထဲမှာ ရိုက်နေတာကို အသံလည်း ကြားလိုက်ရတာပေါ့” လို့ ပြောပါတယ်။

အခုလို ပြည်သူတွေအပေါ် စစ်တပ်က  အကြမ်းဖက်လုပ်ဆောင်လာတာဟာ နှစ်ပေါင်းများစွာ ကြာလာပြီး မခံမရပ်နိုင်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ ရှေ့ထွက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြတာလို့ ဆိုပါတယ်။

ဆန္ဒပြကျောင်းသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာဟာလည်း ၁ နှစ်နီးပါး ကြာလာပြီဖြစ်ပေမဲ့ အမိန့်တစ်စုံတစ်ရာမချပဲ အချိန်ကြန့်ကြာနေတာဟာ မဖြစ်သင့်တော့သလို ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ဆောင်တာတွေကိုလည်း ကန့်ကွက်ရှုတ်ချတယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက   ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်  အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လူအခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး ဖက်ဆစ်စစ်တပ် ဆန့်ကျင်ရေး စစ်တွေမြို့တွင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဖက်ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကိုကောင်းထွန်း (ဒဂုံတက္ကသိုလ်၊ ရန်ကုန်မြို့)နဲ့  ကိုမြတ်စိုးဝင်း(တွဲဖက်အတွင်းရေးမှူး၊ ကျောက်ဖြူပညာရေးကောလိပ်)တို့ဖမ်းဆီးခံရပြီး  စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅(ခ)နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

သူတို့ ၄ ယောက်ထဲက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်ပါ နှစ်ဦးနဲ့ ကိုတိုးတိုးအောင် တို့ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ အလားတူ ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉နဲ့ တရားစွဲဆိုခံခဲ့ရကာ မေလ ၆ နေ့ မှာ ငွေဒဏ်ချမှတ်ခံရပါတယ်။

လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံ ကျောင်းသား ၄ ဦးဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(ခ)နဲ့ရော၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၉နဲ့ပါ ထပ်မံ တရားစွဲဆိုခံထားရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013