DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တရက်လျှင် ရုပ်အလောင်း၆၀၀ကျော်သင်္ဂြိုဟ်၊ အခေါင်းနှင့်အလောင်းတင်ကတ်များ ဈေးတက်
DVB
·
July 16, 2021
ရန်ကုန်တွင် တရက်လျှင် ရုပ်အလောင်း၆၀၀ကျော်သင်္ဂြိုဟ်၊ အခေါင်းနှင့်အလောင်းတင်ကတ်များ ဈေးတက်
1 / 2
Donate to DVB

ရန်ကုန်မြို့က သုသာန်လေးခုမှာ  တစ်ရက်ကို လူသေရုပ်အလောင်း ၆၀၀ ကျော် သင်္ဂြိုလ်ပေး နေရပြီး အခေါင်းနဲ့ အလောင်းတင်တဲ့ကတ်တွေ ဝယ်လို့မရတဲ့အထိပြတ်လပ် ဈေးတက်နေတယ်လို့  အကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။

ရေဝေး၊ ထိန်ပင်၊ ကျီစု၊ ကျူချောင်း သုသာန်လေးခုမှာ မြို့နယ်အလိုက်ခွဲတမ်းချပြီး ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ဖို့ စစ်ကောင်စီက ဇူလိုင် ၁၅ ရက်မှာ သတ်မှတ်ခဲ့တာပါ။ 

ဒါပေမဲ့ လူသေဆုံးနှုန်း မြင့်တက်နေတဲ့အတွက် သုသာန်တိုင်းမှာ မနိုင်မနင်း သင်္ဂြိုဟ်နေရတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတွေကပြောပါတယ်။ 

ထိန်ပင်မှာ တစ်ရက်ကို ရုပ်အလောင်း ၄၀၀ ဝန်းကျင်၊ ရေဝေးမှာ ၂၀၀ ဝန်းကျင်၊ ကျီစုမှာ ၇၀ ဝန်းကျင်၊ ကျူချောင်းမှာ ၂၀ ဝန်းကျင် စုစုပေါင်း ရုပ်အလောင်း ၆၀၀ ကျော် နေ့စဉ်သင်္ဂြိုဟ်ပေးနေရတယ်လို့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

သုသာန်တွေမှာ မွန်းလွဲ ၁၂ နာရီ မတိုင်ခင်စာရင်းသွင်းထားတဲ့ ရုပ်အလောင်းတွေပဲ နေ့ချင်း မီးသင်္ဂြိုဟ်ခွင့်ရပြီး ၁၂ နာရီနောက်ပိုင်း စာရင်းသွင်းတဲ့ ရုပ်အလောင်းတွေကတော့ နေ့ကူးပြီးမှ သင်္ဂြိုဟ်ခွင့်ရတယ်လို့ သိရပါတယ်။ 

အခု ရက်ပိုင်းအတွင်း သေဆုံးနှုန်းတိုးလာသလို အလောင်းတွေ မီးသင်္ဂြိုဟ်ရာမှာ အခက်အခဲဖြစ်နေတယ်လို့  ရွှေသန်လျင်နာရေးကူညီမှုအသင်းတာဝန်ရှိသူက ပြောပါတယ်။

လတ်တလောမှာ သူတို့ အသင်းအနေနဲ့ ဆေးရုံကထပ် ရပ်ကွက်တွေဆီကနေ အလောင်းတွေ သယ်နေရတာတွေများတယ်လို့လည်း သူက ဆက်ပြောပါတယ်။

"အခုဆိုရင် တန်းစီစောင့်နေရတယ်။ ၁ နာရီလောက် ဆိုတော့ နောက်ထပ်သယ်ဖို့တွေလည်း အများကြီးဗျ။ အလျဉ်မီအောင်လုပ်ဖို့ ခက်နေတာ။ ဒါကျနော်တို့ တစ်သင်းတည်းမဟုတ်ဘူး။ အသင်း အကုန်လုံးပဲ။ ကျနော်တို့ ဖြစ်စေချင်တာက အခုလို ပုံနေတာထက်စာရင် မြေကြီးထဲ စုပုံမြုပ်စေချင်ကြတာ။ အဲဒါဆိုရင် ကျနော်တို့အသင်းဆို  တရက် ၈၀ လောက် သယ်လို့ရတယ်"

လတ်တလောရန်ကုန်မြိုမှာ နာရေးကူညီတဲ့ အသင်းပေါင်း ၂၀ လောက်ရှိပြီး  သူတို့ အသင်းအနေနဲ့ တရက် အလောင်း ၆၀ လောက်  တာဝန်ယူထားတယ်လို့ သိရပါတယ်။

"အခုတင် ဘိုကင်ယူထားတာ ၃၀ ကျော်လောက်ရှိပြီ။ ကျနော်တို့ တစ်သင်းတည်းတင်  ၆၀ ဆို အသင်း ၂၀ ဆိုတွက်ကြည့်ပေါ့။ ကျီစုမှာ  ၂ ဖိုရှိပေမဲ့ အလောင်းပြာကျဖို့ မီးတောင် ကောင်းကောင်း မနိုင်ကြတော့ဘူး။ ရန်ကုန်သုသာန် ၃ ခုမှာတော့ တစ်ရက် အလောင်း ၈၀၀ လောက်ဖြစ်လာနေပြီ။"

လက်ရှိအသင်းမှာ  နာရေးသယ်ကားနဲ့ လူနာတင်ကား ၁၂  စီး သုံးပြီး  သင်္ဃန်းကျွန်း၊ ဒဂုံ ၄ မြို့နယ်၊ သာကေတ၊ ပုဇွန်တောင်နဲ့ ဗိုလ်တထောင်မြို့နယ်တွေမှာ အလောင်းတွေကို သယ်ယူပေး နေတယ်လို့  သူက ဆိုပါတယ်။   

ဒါ့အပြင် အခေါင်းနဲ့ အလောင်းတင်တဲ့ကတ်တွေဝယ်လို့မရတဲ့အထိ ရုပ်အလောင်းတွေ များနေပြီး အရင်တုန်းက ငွေကျပ် ၂၅၀၀၀ တန် အခေါင်းတစ်ခုကို အခုငွေကျပ် ၇၀၀၀၀ အထိ ဈေးပေါက်နေတယ်လို့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၁၃ ရက်နဲ့ ၁၄ ရက်တွေက ရေဝေးသုဿာန်တစ်ခုတည်းမှာတင် ရုပ်အလောင်း ၃၀၀ နီးပါး မီးသင်္ဂြိုဟ်ပေးခဲ့ရပြီး ရုပ်အလောင်းတွေကို ကြမ်းပြင်ပေါ်မှာချပြီး တန်းစီရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ 

ဇူလိုင် ၁၅ ရက်မှာတော့ ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်ခါနီးမှ ကားပေါ်က ချခွင့်ပေးတဲ့ အတွက် သုသာန်တွေမှာ ယာဉ်ကြောပိတ်ဆို့ပြီး အချိန်ကြန့်ကြာတာတွေရှိခဲ့ပါတယ်။  သေဆုံးတဲ့ လူနာ အများစုကလည်း ကိုဗစ်ကြောင့် အောက်ဆီဂျင်ပြတ်ပြီး သေဆုံးကြသူတွေဖြစ်တယ်လို့ မိခင်နာရေးကြုံနေရသူတစ်ဦးက ပြောပါတယ်။

အကူအညီပေးနေတဲ့ ပရဟိတအသင်းတွေနဲ့ လူနာတင်ကားတွေဟာ မနိုင်ဝန်ထမ်းနေရပြီး ရုပ်အလောင်းသယ်ဖို့ ဆောင်ရွက်နေရတဲ့အတွက် လူနာတွေကို အကူအညီပေးတဲ့ဘက်ကိုတောင် ပြန်မလှည့်နိုင်ဘူးလို့ ဆိုပါတယ်။  

ပုံမှန်ကာလတုန်းက ရန်ကုန်မြို့က သုသာန်တစ်ခုချင်းစီမှာ တစ်ရက်ကို ရုပ်အလောင်း ၃၀ ဝန်းကျင်ပဲ မီးသင်္ဂြိုဟ်ခဲ့ရတာဖြစ်ပါတယ်။ ရုပ်အလောင်းတွေကို  မီးရှို့ရာမှာ ကိုဗစ်ထိန်းချုပ်ရေး အစီအစဉ်တွေ မတွေ့ရတဲ့အတွက် ပရဟိတသမားတွေက  စိုးရိမ်နေကြပါတယ်။ 

ကိုဗစ်ကြောင့် အခုလိုသေဆုံးနှုန်းမြင့်တက်လာတာကို စစ်ကောင်စီကျန်းမာရေးဌာနနဲ့ ဆေးရုံတွေက စနစ်တကျကိုင်တွယ်ပေးဖို့လိုတယ်လို့ ပရဟိတသမားတွေက အကြံပြုပါတယ်။

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၁၈၈ ယောက်၊ သေဆုံးသူ ၁၆၅ ယောက်ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၁၂,၅၄၅ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၅ ရက်ညမှာ ထုတ်ပြန်ပါတယ်။

အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေကတော့ စစ်ကောင်စီထုတ်ပြန်တဲ့ ပိုးကူးစက်နှုန်းနဲ့ သေဆုံးစာရင်းထက် မြေပြင်မှာ အခြေအနေပိုဆိုးနေတယ်လို့ ဆိုကြပါတယ်။

Photo- လူမှုကူညီရေးအသင်း (ရန်ကုန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013