
မြန်မာနိုင်ငံအနှံ့ ကိုဗစ် -၁၉ ရောဂါတတိယလှိုင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နိုင်ရေး ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကပြောပါတယ်။
အန်ယူဂျီရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြအေးက သူရဲ့လူမှုကွန်ယက်စာမျက်နှာကတဆင့် အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနှံ့အပြားမှာ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ အကြမ်းဖက် ရက်စက်မှုတွေ၊ ပဋိပက္ခတွေနဲ့ ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်းတို့ကြောင့် ပြည်သူတွေဒုက္ခ အခက်အခဲများစွာ ကြုံတွေ့ရတယ်။ ဒါ့အတွက် လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ရပ်ရွာအခြေပြု ဘေးအန္တရာယ် တုံ့ပြန်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ပြည်နယ်နဲ့ တိုင်းအလိုက် ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေးတာတွေနဲ့ ထောက်ပံ့မှုတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
အခုအခါ ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်း ပြန့်ပွားမှု ဆိုးရွားပြင်းထန်လာတဲ့အတွက် ဝန်ကြီးဌာနက ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးတာ၊ ရောဂါကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့ခြင်းတာကို အတတ်နိုင်ဆုံး ဆောင်ရွက်နေပြီး၊ ပြည်သူလူထု လုံခြုံဘေးကင်းရေးအတွက် အချိန်နဲ့ တပြေးညီ မထုတ်ပြန်နိုင်တာကို နားလည်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။