DVB Logo
Home
မြန်မာသတင်း
ဝါရင့်နိုင်ငံရေးသမားကြီး ဦးလှရွှေ ကိုဗစ်-၁၉ ရောဂါဖြင့်ကွယ်လွန်၊ ကျီစုသုသာန်တွင် သင်္ဂြိုဟ်
DVB
·
July 16, 2021
ဝါရင့်နိုင်ငံရေးသမားကြီး ဦးလှရွှေ ကိုဗစ်-၁၉ ရောဂါဖြင့်ကွယ်လွန်၊ ကျီစုသုသာန်တွင် သင်္ဂြိုဟ်
1 / 9
Donate to DVB

ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားတဲ့ ၁၉၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း   ဝါရင့်နိုင်ငံရေးသမားကြီး ဦးလှရွှေ (ခ) စာရေးဆရာ အောင်သာ (PPP) ရဲ့ ရုပ်ကလာပ်ကို ဇူလိုင် ၁၆ ရက် ဒီကနေ့ ရန်ကုန်မြို့ရှိ ကျီစုသုသာန်မှာ  သင်္ဂြိုဟ်ပါတယ်။

အသက် ၈၅ နှစ်အရွယ်  ဦးလှရွှေဟာ ဇူလိုင် ၁၅ ရက် ည ၇ နာရီ ၁၇ မိနစ်မှာ   ကိုဗစ်-၁၉ ရောဂါ ဝေဒနာနဲ့  ဒဂုံမြို့သစ် (မြောက်ပိုင်း)က နေအိမ်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့တာလို့ သူ့ရဲ့ သမီးဖြစ်သူနဲ့  ဗကသများအဖွဲ့ချုပ်တို့က  လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဦးလှရွှေဟာ  ၆ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ရွေးချယ်တင်မြှောက်ခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အတွင်းရေးမှူး ဖြစ်ပြီး အိုးဝေမဂ္ဂဇင်းမှာ  နောက်ဆုံးအယ်ဒီတာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ 

ဦးလှရွေဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့မှာ မွေးဖွားခဲ့ပြီး  အထက်တန်းကျောင်းသား ဘဝကတည်းက ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကာ  ၁၉၅၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။

၁၉၆၀-၆၁ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အမှုဆောင်နဲ့  'အိုးဝေ' မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အောင်သာ (PPP) ကလောင်အမည်နဲ့ လည်း နိုင်ငံရေး စာပေ ဆောင်းပါးတွေကို  ရေးသားခဲ့ပြီး သူရေးသားခဲ့တဲ့  တော်လှန်ရေးသမာတစ်ဦး၏ နိုင်ငံရေးအတ္ထုပ္ပတ္တိ စာအုပ်မှာ လူသိများထင်ရှားပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်   သမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့တဲ့ ဆဲဗင်းဇူလိုင်အရေးအခင်းမှာ ဦးလှရွှေဟာ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။ 

ဦးလှရွှေဟာ ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်သွားပြီး နောက် လက်နက်ကိုင်တောခိုခဲ့ကာ ၁၉၆၉ ခုနှစ် စစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ  ၃ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရပါတယ်။

၁၉၈၂ ခုနှစ်မှာ ပုဒ်မ ၅ (ည) နဲ့ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရသလို  ၁၉၈၆ ခုနှစ်မှာ ပုဒ်မ ၁၀ (က) နဲ့ ၂ နှစ်လောက်ထိန်းသိမ်းခံခဲ့ရပြီး ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အစပိုင်းမှာ ပြန်လွတ်လာပါတယ်။

ဒီနောက် နိုင်ငံ‌ရေးပါတီတွေ တည်ထောင်ရာမှာ အရင် "ပြည်သူ့တိုးတက်ရေးပါတီ" (People's Progressive Party) ရဲ့ အတွင်းရေးမှူးတာဝန် ယူခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် ဇွန်လမှာ ဖမ်းဆီးခံရပြီး ပုံနှိပ်ဥပဒေပုဒ်မ၊ နိုင်ငံရေးပုဒ်မ ၅ (ည) တို့နဲ့ ထောင်ဒဏ် ၇ နှစ် ထပ်ချခံခဲ့ရပါတယ်။ ထောင်ကလွတ်လာပြီးနောက် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလမှာ "မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်" ပြုစုရာမှာ ပါဝင်မှုနဲ့  ထောင်ဒဏ် ၁၄ နှစ် ထပ်မံ ချမှတ်ခံခဲ့ ပြန်ပါတယ်။

ဦးလှရွှေဟာ စစ်အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့အတွက် စုစုပေါင်း ထောင် ၆  ကြိမ် ၊ နှစ်ပေါင်း   ၂၆ နှစ်နီးပါး အကျဉ်းချခံခဲ့ရသူဖြစ်ပါတယ်။

သူ့ရဲ့ဇနီးဖြစ်တဲ့ ကွယ်လွန်သူ ဒေါ်ခင်မာအေးဟာလည်း ခင်ပွန်းသည်နဲ့အတူ ဒီမိုကရေစီရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ရင်း ဖမ်းဆီး အကျဉ်းချခံခဲ့ရသလို သားနှစ်ယောက်ဟာလည်း နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ထောင်သွင်း အကျဉ်းကျခံခဲ့ရပါတယ်။

ဖခင်ဖြစ်သူကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး သမီးဖြစ်သူ မနေခြည်က “ မိသားစုနဲ့ထပ်တူ ကြေကွဲရပါတယ်လို့ မရေးကြပါနဲ့နော်။ ဘယ်မှာလဲ မိသားစု၊ သိတတ်စကတည်းက ၅ ယောက်ရှိတာ၊ ၅ ကွဲ ကွဲနေခဲ့ရတာကို၊ စစ်အာဏာရှင်လက်အောက်မှာ ကျမတို့က မိသားစုအဖြစ် ဆက်စပ်လို့ မရနိုင်ခဲ့တဲ့ အစိတ်အပိုင်း ငါးခုပါ။ ကျမတို့ငါးယောက် ထမင်းအတူမစားခဲ့ဖူးဘူး။ မိသားစုထမင်းဝိုင်းမရှိဘူး။ မိသားစုဓာတ်ပုံမရှိဘူး။ ကျေးဇူးပြုပြီး မိသားစုလို့ မပြောပါနဲ့။ ကျမ နာကျင်ရလွန်းလို့ပါ။”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဦးလှရွေဟာ သူ့ယုံကြည်ချက်အပေါ် တစ်ရွေးသားမှ သစ္စာမဖောက်ခဲ့သလို နိုင်ငံနဲ့ လူမျိုးအပေါ်  သစ္စာမဖောက်ခဲ့ဘဲ နောက်ဆုံးလက်ကျန် နောက်ဆုံးထွက်သက်အထိ စစ်အာဏာရှင်ကို ဆန့်ကျင်သွားခဲ့တယ်လို့လည်း သမီးဖြစ်သူက ရေးသားထားပါတယ်။

Photo Credit-May Zune Oo

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013