DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် တရက်တည်း လူ ၇,၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ၊ သေဆုံးသူ ၁၄၅ ဦးဖြင့် စံချိန်တင်
DVB
·
July 15, 2021
မြန်မာတွင် တရက်တည်း လူ ၇,၀၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရ၊ သေဆုံးသူ ၁၄၅ ဦးဖြင့် စံချိန်တင်
Donate to DVB

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၇,၀၈၃ ယောက်၊ သေဆုံးသူ ၁၄၅ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၀၈,၃၅၇ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်ညမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၁,၃၅၂ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၇,၀၈၃ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၃၃ ဒသမ ၁၇ ရာခိုင်နှုန်းကျော် ရှိနေတာပါ။

ဒါ့အပြင် လူနာ ၁၄၅ ယောက် ထပ်မံပြီးတော့ အမြင့်ဆုံးစံချိန်တင်သေဆုံးခဲ့တာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ  ၄,၁၈၁ ယောက် ရှိပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ကတော့ သေဆုံးသူအသစ် ၁၀၉ ယောက် ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူ အရေအတွက်ကတော့ ၁,၆၇၅ ယောက် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး    မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ပိုးတွေ့ရှိသူ ၁၁ ဦးရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ မြင့်တက်နေတာကြောင့် နိုင်ငံတဝန်း စာသင်ကျောင်းတွေ ပိတ်ထားဖို့ စစ်ကောင်စီက ကြေညာထားတဲ့အပြင် ပိုးတွေ့နှုန်းများတဲ့ မြို့နယ်တွေကိုလည်း Stay At Home မြို့နယ်တွေအဖြစ် ကန့်သတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013