DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်ပိုင်ကြီးဟောင်း ကိုဗစ်-၁၉ ကူးစက်ခံထားရ
DVB
·
July 13, 2021
အင်းစိန်ထောင်ပိုင်ကြီးဟောင်း ကိုဗစ်-၁၉ ကူးစက်ခံထားရ
1 / 2
Donate to DVB

အင်းစိန်ထောင်ပိုင်ကြီးဟောင်း ဦးမျိုးဌေးဟာ ဇွန်လ ၃၀ ရက်နေ့ကမှ ရာထူးတာဝန်ကနေအနားယူခဲ့တာဖြစ်ပြီး လတ်တလောမှာ ကိုဗစ်-၁၉ ကူးစက်ခံရတာကြောင့် ရန်ကုန်မှာပဲ ကုသမှုခံယူနေရတယ်လို့ အင်းစိန်ထောင်နဲ့ဆက်စပ်နေတဲ့ ရှေ့နေတွေဆီက သိရပါတယ်။

အင်းစိန်ထောင်ပိုင်ကြီးဟောင်း ဦးမျိုးဌေးဟာ ထောင်တွင်းကိုဗစ်ကူးစက်မှုကို ထိန်းနိုင်ဖို့ ကွာရန်တင်းစင်တာတွေ၊ ဆေးဝါးတွေ ပြင်ဆင်ထားခဲ့သူဖြစ်ပေမယ့် သူကိုယ်တိုင် ရောဂါပိုးကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အင်းစိန်ထောင်တွင်း အဝင်အထွက်ရှိခဲ့တဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “အရင် အင်းစိန်ထောင်ကို တာဝန်ယူခဲ့တဲ့ ထောင်ပိုင်ကြီး ဦးမျိုးဌေးက ဇွန် ၃၀ ရက်နေ့မှ အနားယူထားတာ၊ သူလည်း ကူးစက်ခံထားရတဲ့အတွက် ရန်ကုန်မှာ ကုသမှုခံနေရတယ်။ အင်းစိန်ထောင် ကျန်းမာရေးစောင့်ရှောက်မှုကတော့ အရင်ထောင်ပိုင်ကြီး ဦးမျိုးဌေးက သူ ပြောင်းမသွားခင်ကတည်းက တွက်ချက်ပြီးတော့ ပြင်ဆင်ထားခဲ့တာတွေ ရှိပါတယ်။ ကွာရန်တင်း စင်တာလည်း သေချာလုပ်ထားတယ်။ ဆေးဝါးတွေ စုဆောင်းပြင်ဆင်ထားခဲ့တာတွေရှိပါတယ်” လို့  ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်းစိန်ထောင်တွင်း အထူးတရားရုံး ၃၈ ရုံး၊ စစ်ခုံရုံး၆ ရုံးဖွင့်လှစ်ခဲ့ပြီး ၅၀၅(က) နဲ့ အဖမ်းခံရသူတွေကို စစ်ဆေးခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့မှာတော့ ကိုဗစ်တတိယလှိုင်းကြောင့် ထောင်တွင်း တရားရုံးတွေကို ရပ်နားခဲ့ပြီး ဇူလိုင် ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ အင်းစိန်ထောင်ကို Lock Down ချခဲ့ပါတယ်။

“တာဝန်ရှိသူတွေကို မေးကြည့်တဲ့အခါ အင်းစိန်ထောင်ထဲမှာ ကူးစက်မှုများနေလို့ မဟုတ်ဘူး။ အင်းစိန်ထောင်တွင်းမှာ အထူးတရားရုံး ၃၈ ရုံးရှိတယ်။ စစ်ခုံရုံးက ၆ ရုံးရှိတယ်။ အဲဒီကိုလာကြတဲ့ တရားသူကြီးတွေရှိတယ်၊ တရားရေးဝန်ထမ်းတွေရှိတယ်။ ဥပဒေရုံးအရာရှိတွေ ဝန်ထမ်းတွေပါတယ်။ ထိန်းသိမ်းထားတဲ့သူတွေကို ထောင်ထဲကနေ တရားရုံးရှေ့ကို ရုံးထုတ်ပေးဖို့အတွက်က ရဲအရာရှိတွေနဲ့ ရုံးဝန်ထမ်းတွေက အနည်းဆုံး တရုံး တရုံးကို ဆယ်ယောက်လောက် လာကြတယ်။ သက်သေခံလာတဲ့ ရဲအရာရှိတွေ၊ ရဲဝန်ထမ်းတွေ၊ အပြင်ကလာတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ  ရှာဖွေသက်သေတွေ ရှေ့နေတွေကလည်း ရှိနေတော့ တစ်ရက်ကို အပြင်ကနေ လူသုံးရာလော က်အဝင်အထွက်ရှိနေတယ်။  အဲ့ဒီလူသုံးရာက ကိုဗစ်ပိုး ရှိနေလားဆိုတာ စစ်ဆေးထားခြင်းလည်း မရှိဘူး။ စစ်ဆေးနိုင်တဲ့ အခြေအနေလည်းမရှိဘူး။ အကျဉ်းသားတွေကို ကူးစက်နိုင်တာကလည်း ပြင်ပက လူတွေနဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ လမ်းကြောင်းဖြစ်တာကြောင့် ဒီလမ်းကြောင်းကို Lock Down ချပြီးတော့မှ စောင့်ကြည့်တဲ့သဘောပါပဲ” လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။

အင်းစိန်ထောင်မှာ ၅၀၅(က) နဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ အထူးကုဆရာဝန်ကြီး ဒေါက်တာမော်မော်ဦးဟာလည်း ကိုဗစ်ပိုးကူးစက်ခံထားရပြီး အင်းစိန်ထောင်တွင်းဆေးရုံမှာပဲ ကုသမှုခံယူနေရပါတယ်။ 

ပိုးကူးစက်ခံထားရတဲ့ NLD နာယက ဦးဉာဏ်ဝင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကို တင်ပို့ထားရပါတယ်။ ပြင်ပပိုးကူးစက်မှုအခြေအနေအရ အင်းစိန်ထောင် Lock Down ကို ရက်ထပ်တိုးနိုင်တယ်လို့ ဥပဒေအကြံပေးဦးခင်မောင်မြင့်ကခန့်မှန်းပါတယ်။

“ကျနော် မှန်းကြည့်တာကတော့ ပြင်ပဖြစ်နေတဲ့အနေအထားအရ ဆက်တိုးဖို့ပဲရှိတယ်။ အထဲမှာ အကျဉ်းသား တစ်သောင်းကျော်ရှိနေတာဆိုတော့ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး။ တခုတည်းသော လမ်းကြောင်းဖြစ်တဲ့ အထူးတရားရုံးကနေ ဝင်လာနိုင်တဲ့လမ်းကြောင်းကို တားဆီးဖို့တော့ တိုးမြှင့်လိမ့်မယ် ထင်တယ်။ အထဲမှာက တော်တော်ကျပ်ကျပ်တည်းတည်း နေရတယ်။ ဘယ်လိုမှ Social Distancing မလုပ်နိုင်ဘူး။ ဒါကြောင့် ကူးစက်မယ်ဟေ့ဆိုရင်  ပိုပြီးမြန်ပြီးတော့ ဆိုးဆိုးရွားရွားလည်းဖြစ်နိုင်တယ်။”

အင်းစိန်ထောင်အပါအဝင် မြန်မာနိုင်ငံက ဗဟိုအကျဉ်းထောင်ကြီးတွေဟာ အကျဉ်းသား အချုပ်သား ကျား၊ မ စုစုပေါင်း ၅၀၀၀ အထိပဲထားဖို့ အဆောက်အအုံတွေ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

၅၀၅(က) တွေ ထပ်ရောက်လာတဲ့အခါ ယခင်ရှိပြီးသားလူတွေနဲ့ပေါင်းရင် အကျဉ်းသား ၁၂၀၀၀ ဝန်းကျင်အထိ ထိန်းသိမ်းနေရတာဖြစ်ပါတယ်။  

ဇွန် ၃၀ ရက်နေ့မှာ အင်းစိန်ထောင်က ၇၂၁ ယောက်ပဲ ပြန်လွတ်ခဲ့တာဖြစ်တဲ့အတွက် အင်းစိန်ထောင်မှာ သိသိသာသာ အချုပ်သား လျော့ကျသွားတာမျိုး မရှိခဲ့ပါဘူး။ အချုပ်သား လျော့ကျမသွားပေမယ့် နေ့စဉ် ဖမ်းဆီးတာတွေ၊ စစ်ကြောရေးက လာပို့တာတွေရှိနေတဲ့အတွက် တကယ်ထိန်းသိမ်းထားနိုင်တဲ့ ပမာဏထက် နှစ်ဆလောက်ဖြစ်နေတယ်လို့ အင်စိန်ထောင်နဲ့နီးစပ်တဲ့ ရှေ့နေတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013