မနေ့က ရန်ကုန်ကနေ သံတွဲကို လာတဲ့ အဝေးပြေးကားပေါ်မှာ သက်ကြီးပိုင်းအမျိုးသားတယောက် ရုတ်တရက် လဲကျသေဆုံးပြီး သူ့ကို စစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ခဲ့ရပါတယ်။
ရခိုင်ရိုးမပေါ်က ဗေဒါ စစ်ဆေးရေးစခန်းမှာ ကားပေါ်ပါလူတွေကို စစ်ဆေးခံပြီး ပြန်အတက်မှာ လဲကျသွားခဲ့တာလို့ သိရပါတယ်။
ကျန်းမာရေးဝန်ထမ်းတယောက်က “အဲဒီမှာ သူ့ကို ခေါ်မရလို့ ရဲတွေကို အကြောင်းကြားတော့ မြို့ကိုသွားခိုင်းတယ်။ ဒီမှာ သူ့ကို စစ်တော့ သေနေပါပြီ။ ကိုဗစ်လည်း တွေ့တယ်။ ကားပေါ်ပါလူတွေကို ဒီမှာထားဖို့က ဘာတခုမှ စီစဉ်ထားတာ မရှိဘူး။ သူတို့ကလည်း သံတွဲကိုပဲ ဆက်သွားမယ်လို့ ပြောတယ်။ ကျနော်တို့မှာ တားလို့မရဘူး။ အရင်လို အာဏာမရှိတော့ဘူး” လို့ ပြောပါတယ်။
သေဆုံးသူ ခရီးသည်ဟာ အသက် ၆ဝ လောက်အရွယ်ဖြစ်ပြီး လှိုင်သာယာကနေ သံတွဲမြို့နဲ့ ၁ဝ မိုင်အကွာက ဇလွန်ရွာကို လိုက်လာတာလို့ သိရပါတယ်။
ကားပေါ်ပါခရီးသည်တွေကိုတော့ လတ်တလောမှာ သံတွဲမြို့က ကွာရန်တင်းစင်တာမှာထားပြီး အားလုံးကို ကိုဗစ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ဒါပေမဲ့ ခရီးသည်တချို့ကတော့ သံတွဲမြို့ မရောက်ခင် လမ်းမှာပဲ ဆင်းသွားကြတယ်လို့ သိရကြောင်း ဒေသခံတချို့က ပြောပါတယ်။