DVB Logo
Home
မြန်မာသတင်း
NCA က ထွက်သွားသည့် ၃ ဖွဲ့ကို ဆွေးနွေးပွဲဆီ ပြန်လာရန် စစ်အာဏာရှင် ဖိတ်ခေါ်
DVB
·
October 16, 2026
Photo: PPIB
Photo: PPIB
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားပေမဲ့ လက်ရှိမှာ မြန်မာစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း ၃ ခုကို နေပြည်တော်က ဆွေးနွေးပွဲတွေဆီ ပြန်လာဖို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ဖိတ်ခေါ် လာပြန်ပါတယ်။

အောက်တိုဘာ ၁၅ ရက်မှာ နေပြည်တော်က Horizon Lake View Resort Hotel မှာ ကျင်းပတဲ့ NCA ၁၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ပေးပို့တဲ့ မိန့်ခွန်းမှာ အဲဒီလို ပြောကြားခဲ့တာပါ။

စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က “လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ခဲ့တဲ့ KNU, CNF, ABSDF တို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်လိုပါတယ်” လို့ ဆိုပါတယ်။

စစ်တပ်အသွင်ပြောင်း သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က အဖွဲ့ ၃၀ ကျော်နဲ့ ရန်ကုန်မှာ အကြိမ်ကြိမ်တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဆွေးနွေးခဲ့ကြပေမဲ့ အမှန်တကယ် လက်မှတ်ရေးထိုးချိန်မှာ ၈ ဖွဲ့သာ စတင် လက်မှတ်ထိုးနိုင်ခဲ့တာပါ။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူ ၂ ဖွဲ့ ထပ်မံလက်မှတ်ထိုးခဲ့လို့ NCA မှာ ၁၀ ဖွဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ KNU, CNF နဲ့ ABSDF တို့ဟာ NCA က ထွက်ပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်နေပြီး အဆိုပါ ၃ ဖွဲ့အနေနဲ့ နေပြည်တော်က ဆွေးနွေးပွဲတွေဆီ ပြန်လာဖို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ဖိတ်ခေါ်နေတာပါ။

လက်ရှိမှာ KNU, PDF ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ မြန်မာစစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ၊ ရွာတွေ မီးရှို့ဖျက်ဆီးတာတွေကို နေ့စဉ်ရက်ဆက် လုပ်နေသလို CNF နဲ့ ABSDF အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲတွေ ဖြစ်နေတဲ့အပြင် စစ်တပ်ရဲ့ အင်အားပြုန်းတီးမှုတွေ မြင့်မားနေချိန်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်က အခုလို ဖိတ်ခေါ်လာတာလည်း ဖြစ်ပါတယ်။

အလားတူ PDF တွေအနေနဲ့လည်း ပြည်သူလူထုရဲ့ အကျိုးကို ရှေးရှုပြီး ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ခဲ့တာ တွေ့ရပြီး ဒီမိုကရေစီကို လိုချင်ရင် စည်းကမ်းရှိကြဖို့လည်း သူက ပြောသွားပါသေးတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013