DVB Logo
Home
မြန်မာသတင်း
သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့သည့် သစ်သီးရောင်းသူ အမျိုးသမီးအပါအဝင် ကျဆုံးပြည်သူ ၈၉၈ ဦး ရှိလာ
DVB
·
July 9, 2021
သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးခဲ့သည့် သစ်သီးရောင်းသူ အမျိုးသမီးအပါအဝင် ကျဆုံးပြည်သူ ၈၉၈ ဦး ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၅ လကျော်အကြာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၈၉၈ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၈ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၅၆၃ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၁၂၇ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၂၄၇ ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၃ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေ ဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဇူလိုင် ၇ ရက် ညနေပိုင်းက ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ အကြမ်းဖက်စစ် အုပ်စုတပ်သားတွေက ကားတစ်စီးကို စစ်ဆေးဖို့ တားဆီးရာ ရပ်တန့်မပေးတဲ့အတွက် သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အနီးအနားမှာ သစ်သီးရောင်းနေတဲ့ မိုင်းနားကျေး ရွာအုပ်စု၊ မခေါယာန်ကျေးရွာက မမီးဆိုတဲ့ ဒေသခံအမျိုးသမီးကို ထိမှန်ကာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်မှာတော့ ဇူလိုင် ၆ ရက်နေ့ ညအချိန်က လှည်းကူးမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုအောင်ခန့်ဘုန်းကို နေအိမ်မှာ သွားရောက် ရှာဖွေရာ မတွေ့တာကြောင့် ဖခင်ဖြစ်သူ ဦးအေးမင်းသိန်းကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ် (၂) မဲဆန္ဒနယ်မှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မာလာမောင်မောင်ရဲ့ ဖခင်ဖြစ်သူ ဦးမောင်မောင်နဲ့ မောင်ဖြစ်သူ ကိုကြည်သာမောင်မောင်တို့ကိုလည်း အကြမ်းဖက်စစ်အုပ်စုက ဇူ လိုင် ၆ ရက်နေ့ ညအချိန်က ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013