DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းကာလအတွင်း နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များက တာဝန်မဲ့စီးပွားရှာမှု ဆိုးရွားစွာ အသုံးပြုနေ
DVB
·
January 18, 2026
အာဏာသိမ်းကာလအတွင်း နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များက တာဝန်မဲ့စီးပွားရှာမှု ဆိုးရွားစွာ အသုံးပြုနေ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း နာမည်ကြီး နိုင်ငံတကာကုန်အမှတ်တံဆိပ်အများစုရဲ့ တာဝန်မဲ့ အကျိုးစီးပွားရှာတဲ့ လုပ်ရပ်ကို ဆိုးဆိုးဝါးဝါးကြုံတွေ့လာရတယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေက ပြောပါတယ်။

အဲဒီကုန်အမှတ်တံဆိပ်တွေက နိုင်ငံရေးအခြေအနေအရ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ လှုပ်ရှားပြောဆိုခွင့် ဆုံးရှုံးနေတာကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ထုတ်ကုန် ချုပ်လုပ်နေတဲ့ အလုပ်သမားတွေအပေါ် တာဝန်မဲ့ပြုကျင့်မှုနဲ့ ဂုဏ်သိက္ခာမရှိတဲ့ အကျိုးစီးပွားရှာတာမျိုးတွေ လုပ်လာတာလို့ ဆိုပါတယ်။

ကုန်အမှတ်တံဆိပ်တွေက ထုတ်ကုန်ချုပ်လုပ်တဲ့လုပ်သားတွေကို သူတို့ရဲ့ဝန်ထမ်းအဖြစ်မထားရှိဘဲ ကြားခံပွဲစားကတဆင့် စီမံအုပ်ချုပ်မှုနဲ့ လုပ်ခပေးချေစေတာမျိုး ကျင့်သုံးနေတာဖြစ်ပြီး လုပ်ငန်းခွင်မှာဖြစ်ပေါ်တဲ့ ကိစ္စရပ်တွေအပေါ် တာဝန်ယူစရာမလိုတဲ့ အနေအထားမျိုးနဲ့ ရှိနေတာ ဖြစ်ပါတယ်။

အဲဒီလုပ်နေတာကြောင့် ပွဲစားတွေက ရသင့်တဲ့ အခကြေးအပြင် အလုပ်သမားတွေရဲ့ လုပ်အားခခေါင်းပုံဖြတ်ပြီး အကျိုးအမြတ်ရရှိနေသလို အလုပ်သမားအခွင့်အရေးဆုံးရူံးမူတွေလည်း ပိုကြုံတွေ့လာရတယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက် က ပြောပါတယ်။

“ကုန်အမှတ်တံဆိပ်တွေက သူတို့ တိုက်ရိုက်ခန့်တဲ့ ဝန်ထမ်းဆိုတာမျိုး မဖြစ်ရအောင် အေဂျင်စီအဖွဲ့လိုမျိုး ကြားခံပွဲစားတွေကို လွှဲထားပြီး သူတို့ရဲ့ ထုတ်ကုန်တွေ ရယူနေတာဖြစ်ပါတယ်။ ဒီလိုခေါင်းရှောင်ပြီး အကျိုးစီးပွားရှာတဲ့ လုပ်ရပ်က နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေရဲ့ ကျင့်ဝတ်၊ သိက္ခာနဲ့လည်း ဆန့်ကျင်နေတယ်။”

အဲဒီလို ကြားခံပွဲစားအလုပ်ကို မြန်မာနိုင်ငံသား အများစုက လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားအပေါ် တာဝန်ယူစရာမလိုတဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေအတွက် အကြိုက်တွေ့စရာ ဖြစ်လာတယ်လို့ ဆိုပါတယ်။

“ဒီရပ်တွေက အခုမှဖြစ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ၂၀၂၁ အာဏာသိမ်းဖြစ်စဥ်နောက်ပိုင်းမှာ နိုင်ငံမှာဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး အခုလို နာမည်ကြီးကုန်အမှတ်တံဆိပ်တွေရဲ့ တာဝန်မဲ့ ကျူးလွန်မှုတွေ ပိုလုပ်လာတာ တွေ့ရတယ်။”

နာမည်ကြီးနိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေအနေနဲ့ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးကို လေးစားလိုက်နာတယ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ဈေးကွက် ထိုးဖောက်ထားကြပေမဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေမှာ အခွင့်အရေး အပြည့်အဝမရဘဲ ထုတ်ကုန်တွေ ထုတ်လုပ်ပေးနေရတယ်လို့ ပြည်တွင်းအလုပ်သမားအရေး စောင့်ကြည့်သူတွေက ဆိုပါတယ်။

အဲဒီလို လုပ်ငန်းခွင်အတွင်း မတရားချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကုန်အမှတ်တံဆိပ်တွေရဲ့ ဌာနချုပ်တွေဆီ တိုင်ကြားရာမှာလည်း အရေးတယူရှိတာနည်းပြီး ဒီလုပ်ရပ်တွေအပေါ် တဖက်လှည့်နဲ့အားပေးတဲ့သဘော ဖြစ်စေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“ပိတ်ဆို့အရေးယူမှုလုပ်တယ်ဆိုတဲ့ EU လိုနိုင်ငံက ကုန်အမှတ်တံဆိပ်တွေကပါ မလှိမ့်တပတ်နဲ့ ဆက်ရှိနေတာမျိုးတွေ တွေ့နေရတာ။ ပေါ်လစီအရ ထွက်ခွာတယ်ဆိုတဲ့ လေသံပစ်ပြီး နောက်ကွယ်မှာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတာ။ ဒါက ကုန်အမှတ်တံဆိပ်တွေရဲ့ မရိုးရှင်းတဲ့ လုပ်ရပ်လို့ပဲ မြင်တယ်။”

အာဏာသိမ်းတာကို လက်မခံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံအချို့က သူ့နိုင်ငံအခြေစိုက် ကုန်အမှတ်တံဆိပ်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာ ဆက်မလုပ်ဖို့ ကြေညာခဲ့တာရှိသလို ကုန်အမှတ်တဆိပ် အချို့ကလည်း လုပ်ငန်းရပ်ဆိုင်းပြီး ထွက်ခွာမယ်ဆိုကာ ထုတ်ပြန်တာတွေရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမှန်တကယ် ထွက်ခွာတာနည်းပြီး လက်ကျန်မပြတ်သေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်လုပ်တာ၊ တံဆိပ်အမှတ်အသားမထည့်ဘဲ ချုပ်လုပ်တာမျိုးတွေ ရှိနေကာ အလုပ်သမားအခွင့်အရေး ကိစ္စရပ်တွေမှာတော့ ခေါင်းရှောင်လွှဲနေတယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီလို နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေက နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူပြီး အမြတ်ထုတ် စီးပွားရှာတဲ့ လုပ်ရပ်မှာ လက်ခံနိုင်စရာမရှိသလို အခုလို မလျော်ကန်တဲ့ လုပ်ရပ်တွေအတွက် လုပ်သင့် လုပ်ထိုက်တာ ဆောင်ရွက်သွားမယ်လို့ MICS-TUsFက ဇန်နဝါရီ ၁၅ ရက်မှာ ကြေညာချက်ထုတ်ခဲ့ပါတယ်။

ကြားခံပွဲစားတွေက အလုပ်သမားတွေအပေါ်  ဖိနှိပ်ခိုင်းစေတာဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အဓမ္မခိုင်းစေမှု ပြဋ္ဌာန်းချက်အမှတ် ၂၉ ကို ချိုးဖောက်ကျူးလွန်ရာ ရောက်တာဖြစ်လို့ သက်ဆိုင်တဲ့ ကုန်အမှတ်တံဆိပ်တွေအနေနဲ့ စီးပွားရေးဆိုင်ရာကျင့်ဝတ်၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးတို့ကို လေးစားလိုက်နာဖို့ တိုက်တွန်းလိုတယ်လို့ အဲဒီ သမဂ္ဂအဖွဲ့ချုပ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ adidas ၊ Zara လို နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေသလို C&A၊ Tesco PLC၊ Marks & Spencers ၊ Primark လို ကုန်အမှတ်တံဆိပ်တွေက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အပ်နှံချုပ်လုပ်တာတွေ ရပ်ဆိုင်းကြောင်း ကြေညာထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013