ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြောက်ပိုင်း၊ အန်ဂျလိစ်စီးတီးမှာ ဆောက်လက်စ ၉ ထပ် ကွန်ဒိုဟိုတယ် ပြိုကျမှုကြောင့် လူ ၄ ယောက် သေဆုံးပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ကာ ရုပ်အလောင်း ပြန်လည်ဆယ်ယူရေး လုပ်ငန်းတွေကို မေ ၂၆ ရက်မှာ စတင်လိုက်ပါတယ်။
ဖမ်ပန်ဂါခရိုင်က အာဏာပိုင်တွေဟာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တနင်္လာနေ့ညပိုင်းမှာ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး မတော်တဆမှုဖြစ်ပြီး တရက်ကျော် ကြာသွားပြီဖြစ်လို့ နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိဖို့ မျှော်လင့်ချက်တွေလည်း မှေးမှိန်သွားခဲ့ပါပြီ။ လက်ရှိမှာ လူ ၁၆ ယောက် ပျောက်ဆုံးနေဆဲပါ။
တနင်္ဂနွေနေ့က အဆောက်အအုံ ပြိုကျပြီး ၂၄ နာရီကျော်အကြာ မေ ၂၅ ရက်မှာ တတိယမြောက် ရုပ်အလောင်းကို ထပ်မံဆယ်ယူနိုင်ခဲ့လို့ သေဆုံးသူ ၄ ယောက်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းက ကယ်ထုတ်နိုင်ခဲ့တဲ့ လူနာ ၂ ယောက်ထဲက တယောက်ဟာ ဆယ်ယူချိန်မှာ သွေးခုန်နှုန်း ရှိနေသေးပေမဲ့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပြီး နောက်ထပ်တယောက်ကတော့ အပျက်အစီးတွေအောက် ပိတ်မိနေတုန်းမှာပဲ နှလုံးရပ်တန့်ပြီး သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၆၅ နှစ်အရွယ် မလေးရှားနိုင်ငံသားတယောက်လည်း ပါဝင်ပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ ပြိုကျမှုကြောင့် ထိခိုက်သွားတဲ့ ဘေးနားက ဟိုတယ်အဆောက်အအုံထဲ ကနေ တနင်္ဂနွေနေ့ကတည်းက ရှာဖွေတွေ့ရှိခဲ့တာပါ။
အဆောက်အအုံရဲ့ တည်ဆောက်ပုံက မတည်ငြိမ်တာကြောင့် မြေတူးစက်တွေလို စက်ယန္တရားတွေကို သုံးလိုက်လို့ ထပ်ပြီး လှုပ်ယမ်းသွားရင် အပျက်အစီးတွေအောက် ပိတ်မိနေသူတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း မြှုပ်နှံမိသွားမှာကို အာဏာပိုင်တွေက စိုးရိမ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပြင်းထန်တဲ့ အပူရှိန်အောက်မှာ လက်နဲ့ပဲ သေချာ ဂရုတစိုက် လုပ်ဆောင်နေရတာဖြစ်လို့ ခက်ခဲနှောင့်နှေးမှုတွေ ရှိနေရပါတယ်။
လက်ရှိမှာတော့ အာဏာပိုင်တွေဟာ အခုလို အထပ်မြင့်အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး လုပ်ငန်းခွင်မှာ အလုပ်သမား ဘယ်နှယောက်ရှိလဲ အပါအဝင် အဖြေရှာဖို့ ကြိုးပမ်းနေပြီး အဆောက်အအုံပိုင်ရှင်ကို ရှာဖွေနေပါတယ်။
ဆောက်လုပ်ရေးခွင့်ပြုချက် မှတ်တမ်းတွေအရ ဒီအဆောက်အအုံဟာ ၉ ထပ်ပါ ကွန်ဒိုဟိုတယ်အဖြစ် ခွင့်ပြုချက်ရထားတာဖြစ်ပေမဲ့ အပေါ်ဆုံးမှာ ခွင့်ပြုချက်မရှိဘဲ အပိုဆောင်းထားတဲ့ ၁၀ ထပ်မြောက်ပေါ်မှာ ရေကူးကန်တခု ထပ်မံဆောက်လုပ်နေတာကို တွေ့ရှိရကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။
Source: Reuters










