
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ဇူလိုင် ၆ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦးတွေ့ရှိခဲ့ပြီး လူနာအားလုံးဟာ တောင်တွင်းကြီးမြို့မရဲစခန်းကဖြစ်ပါတယ်။
အတည်ပြုလူနာတွေထဲမှာ ယာဉ်ထိန်းရဲ ၁ ဦး၊ ဒုရဲအုပ်အဆင့်ရှိသူတွေနဲ့ အခြားအဆင့်ရှိရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးနဲ့ သူတို့ရဲ့ မိသားစုဝင် အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၇ ဦး ဖြစ်တယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။
တောင်တွင်းကြီးမြို့နယ်မှာ ဇွန်လ ၂၂ ရက် မှ ဇူလိုင် ၆ ရက် အထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၉၃ ဦးရှိပြီး အချိန်တိုအတွင်း ရောဂါကူးစက်မှုများပြီး လူသေဆုံးမှုတွေလည်း ရှိလာပေမဲ့ စျေးတွေ၊ စာသင်ကျောင်းတွေ၊ ရုံးတွေ ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။
တောင်တွင်းကြီးမှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဧပြီလကစလို့ ဆရာတော်ကြီး ၁ ပါးအပါအဝင် သေဆုံးသူ ၄ အထိရှိနေပြီဖြစ်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ စာရင်းတွေအရသိရပါတယ်။