DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄ သန်းကျော်၊ မြန်မာတွင် ၃,၄၆၁ ဦးသေဆုံး
DVB
·
July 6, 2021
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄ သန်းကျော်၊ မြန်မာတွင် ၃,၄၆၁ ဦးသေဆုံး
Donate to DVB

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ အရေအတွက်ဟာ ၄ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါကူးစက်ခံရသူပေါင်း ၁၈၅ သန်းနီးပါးရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ခံရပြီး သိန်းနဲ့ချီ သေဆုံးတဲ့ နိုင်ငံ ၁၀ နိုင်ငံ ရှိလာခဲ့ပြီး အဲဒီနိုင်ငံ တွေထဲမှာတော့ အမေရိကန်နိုင်ငံက သေဆုံးသူ ၆ သိန်း ၂ သောင်းကျော်၊ ကူးစက်ခံရသူ ၃၄ ဒသမ ၆ သန်းနီးပါးရှိနေပြီး သူ့နောက်မှာတော့ ဘရာဇီးနိုင်ငံက သေဆုံးသူ ၅ သိန်း ၂ သောင်းကျော်၊ ကူးစက်ခံရသူ ၁၈ ဒသမ ၇ သန်းကျော်နဲ့ သေဆုံးမှုအမြင့်ဆုံး နိုင်ငံတွေအနေနဲ့ ရှိနေပါတယ်။

တတိယနေရာမှာတော့ အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၄ သိန်းကျော်၊ ကူးစက်ခံရသူ ၃၀ ဒသမ ၆ သန်းကျော်နဲ့ ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ မက္ကဆီကို၊ ပီရူး၊ ရုရှား၊ ယူကေ၊ အီတလီ၊ ပြင်သစ်နဲ့ ကိုလံဘီယာနိုင်ငံတွေမှာပါ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ သိန်းချီရှိလာတာကြောင့် သိန်း ချီသေဆုံးတဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်းကတော့ ၂၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ပျောက် ကင်းသက်သာလာသူ စုစုပေါင်းကတော့ ၁၆၉ ဒသမ ၃ သန်းကျော် ရှိနေပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၉ သောင်း ၁ ထောင်ကျော်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၁၀၁ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါသန်းချီ ကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အီရတ်နိုင်ငံတွေပြီးရင် ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၉ သိန်းကျော်၊ အစ္စရေးနဲ့ ဂျပန်နိုင်ငံတွေက ရောဂါကူးစက်ခံရသူ ၈ သိန်းကျော်၊ မလေးရှားနဲ့ ဂျော်ဒန်နိုင်ငံတွေက ၇ သိန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်ခံ မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၆၈,၃၇၄ ယောက်၊ သေဆုံးသူ ၃,၄၆၁ ယောက် ရှိနေပြီး အာဆီယံနိုင်ငံတွေထဲ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးမှုအများဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူး စက်ခံရသူ အရေအတွက် ၃ သိန်းနီးပါးနဲ့ သေဆုံးသူ ၂,၃၀၀ ကျော် ရှိနေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၆၂,၀၀၀ ကျော်နဲ့ သေ ဆုံးသူအရေအတွက် ၃၆ ယောက်ရှိနေတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၅၆,၀၀၀  ကျော်နဲ့ သေဆုံးသူ ၇၇၉ ယောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂၁,၀၀၀ ကျော်နဲ့ သေဆုံးသူအရေအတွက် အယောက် ၉၀ ရှိနေပြီး လာအိုနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၂,၃၀၀ နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ဘရူနိုင်းနိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၂၆၂ ယောက်နဲ့ သေဆုံးလူနာ ၃ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013