DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးဆေးရုံ CDM ဝန်ထမ်းများ တာဝန်ပြန်ထမ်းဆောင်ရန် ဖိအားပေးခံရ
DVB
·
July 6, 2021
တောင်တွင်းကြီးဆေးရုံ CDM ဝန်ထမ်းများ တာဝန်ပြန်ထမ်းဆောင်ရန် ဖိအားပေးခံရ
Donate to DVB

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို လုပ်ငန်းတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ စာထုတ်ပြီး ဖိအားပေးခံရတယ်လို့ သိရပါတယ်။

CDM ကျန်းမာရေးဝန်တစ်ဦးက “မတရားတဲ့အမိန့်တွေနဲ့ အတင်းအဓမ္မအာဏာလုထားတဲ့ စစ်အာဏာရှင်ရဲ့အောက်မှာတော့ မလုပ်နိုင်ဘူး။ အခုဆိုရင် ဆေးရုံကို ချပေးထားတဲ့ PPE တွေတောင် စစ်ကောင်စီက ယူတယ် ကြားတယ်။ ကိုဗစ်လူနာတွေကလည်း များနေတော့ သူတို့ မနိုင်မနင်းဖြစ်နေကြတာပေါ့။ စစ်ကောင်စီကို ဖားပြီး နေရာလိုချင်တဲ့သူတွေလည်း ရှိနေတော့ ခက်တယ်ဗျာ” လို့ ပြောပါတယ်။

တောင်တွင်းကြီး ပြည်သူ့ဆေးရုံမှာ ယခင်ဆေးရုံအုပ်ကြီးအပါအဝင် အာဏာဖီဆန် CDM မှာ ပါဝင်ပြီး အလုပ်မဆင်းတဲ့ ဝန်ထမ်း ၈၀ နီးပါးရှိတယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင်က “ကိုဗစ်လူနာ များလာတော့ ဝန်ထမ်းတွေကို ပြန်ခေါ်တဲ့သဘောပေါ့။ ကျန်းမာရေးဝန်ထမ်းနဲ့လည်း အဆင်မပြေဘူး။ အစိုးရရဲ့အကူအညီ လိုသေးတယ်။ ပြည်သူတွေ၊ အလှူရှင်တွေ ပါဝင်ပူးပေါင်းမှ ထိန်းချုပ်နိုင်မှာ။ စစ်ကောင်စီကို မယုံကြတော့ အလှူရှင်တွေကလည်း တွန့်သွားကြတာပေါ့။ စစ်ကောင်စီက အခု ဘာလုပ်ပေးနေတုံး ကြည့်လေ။ mask မတပ်ရင် လောက်လေးနဲ့ပစ်ဖို့၊ ဝါးရင်းတုတ်နဲ့ရိုက်မယ့် အနေအထားမျိုးတွေ တွေ့နေရတယ်” လို့ ပြောပါတယ်။

ပရဟိတအသင်းတခုက လော်စပီကာနဲ့ မြို့ပေါ်ကို ကိုဗစ်ကာကွယ်ရေးသီချင်းတွေ လိုက်ဖွင့်နေတာရယ်၊ ရပ်ကွက်နေပြည်သူတွေက မိမိအစီအစဉ်နဲ့ ပိုးသတ်ဆေးဖြန်းတာအပြင် ပြည်သူ့ကျန်းမာရေးအတွက် စစ်ကောင်စီရဲ့ လုပ်ဆောင်ချက် မတွေ့ရသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေတဲ့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်အောက်ရှိ ဌာနခွဲတွေက  အရာထမ်း၊ အမှုထမ်းတွေအနေနဲ့  မိမိတို့လုပ်ငန်းတာဝန်တွေကို ပြန်လည်ထမ်းဆောင်ဖို့ တတိယအကြိမ် အသိပေးအကြောင်းကြားစာကို ဇူလိုင်လ ၅ ရက်နေ့ ရက်စွဲနဲ့ အသစ်ရောက်တဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013