DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ၃ ဦးအမှုနှင့်ပတ်သက်၍ သက်သေခံအထောက်အထား အပေါ်ကန့်ကွက်လွှာ ပယ်ချခံရ
DVB
·
July 5, 2021
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ၃ ဦးအမှုနှင့်ပတ်သက်၍ သက်သေခံအထောက်အထား အပေါ်ကန့်ကွက်လွှာ ပယ်ချခံရ
Donate to DVB

နိုင်ငံတော်သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်၀န် ဒေါက်တာမျိုးအောင်တို့ သုံးဦးကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(ခ) အမှုအတွက် ရှေ့နေတွေတင်သွင်းတဲ့ ပြင်ဆင်ချက်ကို လက်မခံဘဲ ပလပ်ကြောင်း နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ဇူလိုင် ၅ ရက်နေ့မှာ အမိန့်ချလိုက်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီးတရားလိုတွေဘက်က တင်ပြထားတဲ့ သက်သေခံတင်ပြချက်တွေကို တရားရုံးက လက်ခံကြောင်းကို ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ ကြားဖြတ်အမိန့် ချမှတ်လိုက်တာကို အယူခံဝင်ဖို့ ရှေ့နေတွေကကြိုးစားခဲ့တာမှာ ပလပ်ခံရတာဖြစ်ပါတယ်။

ခရိုင်အဆင့်တရားရုံးကပလပ်လိုက်တဲ့အတွက် တိုင်းအဆင့်ကို ဆက်တက်မယ်လို့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေ  ဒေါ်မင်းမင်းစိုးကပြောပါတယ်။

“၂၀၂၁ ခုနှစ်ရာဇဝတ်ပြင်ဆင်မှုအမှတ် ၄၃ နဲ့ ဒက္ခိဏခရိုင်တရားရုံးကို ရာဇဝတ်ပြင်ဆင်မှု တင်သွင်းခဲ့ပါတယ်။ တရားရုံးက အကျဉ်းနည်းနဲ့ပလပ်တယ်လို့ အမိန့်ချလိုက်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးတရားလွှတ်တော်ကို ဆက်တက်သွားဖို့ရှိပါတယ်။ တက်လို့ရသလောက်ထိ တက်မှာဖြစ်ပါတယ်။”

စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက တရားရုံးတော်က သက်သေခံအဖြစ် လက်ခံတဲ့ စာရွက်နှစ်ရွက်ဟာ ဒီအမှုရဲ့ အဓိကကျတဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့အတွက် စွပ်စွဲခံရသူတွေရဲ့ အခွင့်အရေးအရ အထက်တရားရုံးကို တက်ရောက်ဖို့ တင်ပြတဲ့အခါမှာ တရားရုံးကလက်ခံခဲ့တဲ့အတွက် အခုလို ခရိုင်တရားရုံးကို ဆက်တက်ခဲ့တာ ဖြစ်ပါတယ်။

“ဒက္ခိဏသီရိခရိုင်တရားရုံးကို သွားပြီး ပြီးခဲ့တဲ့အပတ်တုန်းက ၇-၂-၂၀၂၁ ရက်စွဲပါ အကြောင်းကြားစာနဲ့ ၁၃-၂-၂၀၂၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေကို သက်သေခံအဖြစ် တင်သွင်းခွင့်ပြုကြောင်း ချမှတ်ခဲ့တဲ့အ မိန့်အပေါ်မှာ ၂၀၂၁ ခုနှစ် ရာဇ၀တ်ပြင်ဆင်မှုအမှတ် ၄၃ နဲ့ ရာဇ၀တ်ပြင်ဆင်မှုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့ တဲ့အပေါ်ကို တရားရုံးကနေ အကျဉ်းနည်းနဲ့ပလပ်လိုက်ပါတယ်။ ကျမတို့ဘက်က ထပ်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး တရားလွှတ်တော်ကို ဆက်တက်သွားဖို့ ရှိပါတယ်။ ကျမတို့တင်သွင်းတဲ့အပေါ်မှာ လက်မခံဘူး ပလပ်တယ်လို့ ပြောတဲ့သဘောပါ။ ပလပ်တဲ့အပေါ်မှာ ကျမတို့က တိုင်းဒေသကြီး တရားလွှတ်တော်ကို ဆက်ပြီးတက်မှာပါ။ တက်လို့ရသသောက်ထိ တက်မှာပါ ” လို့ ရှေ့နေဒေါ်မင်းမင်းစိုးက ပြောပါတယ်။

တရားလိုဘက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၇.၂.၂၀၂၁ ရက်စွဲပါ စာကို သက်သေခံ(က)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ၁၃.၂.၂၀၂၁ ရက်စွဲပါ ကြေညာချက်အမှတ် ၆/၀၂/၂၀၂၁ ကို သက်သေခံ(ခ) အဖြစ် သက်သေခံတင်သွင်းခဲ့တာဖြစ်ပြီး နှစ်စောင်စလုံးကို တရားရုံးတော်က လက်ခံခဲ့တာဖြစ်ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ရှေ့နေတွေဟာ နှစ်ဖွဲ့ခွဲပြီး လုပ်ငန်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တစ်ဖွဲ့က မြို့နယ်တရားရုံးမှာ လိုက်ပါကူညီခဲ့ပြီး တစ်ဖွဲ့က ၅၀၅ (ခ) အမှုအတွက် အယူခံတင်သွင်းဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်အမှုအတွက် တရားလိုပြသက်သေ ဇေယျသိန္ဓိရပ်ကွက် ထွေအုပ်ရုံးက စာရေးနဲ့ အမှတ် ၄ ရဲစခန်းက နယ်ထိန်းတို့ကို စစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ် ၆၇ အတွက် တရားလိုပြသက်သေလေးယောက်ကိုလည်း စစ်ဆေးခဲ့ပြီး   ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ အတွက် တရားလိုပြသက်သေ နှစ်ယောက်ကိုစစ်ဆေးခဲ့ပါတယ်။

ရှေ့နေ ဒေါ်မင်းမင်းစိုးက " မိနစ် ၂၀ လောက်တွေ့ရပါတယ်။ လန်းလန်းဆန်းဆန်း ကျန်းမာပါတယ်။ အမေက တရားစီရင်ရေးအနေအထားကို စိတ်ဝင်စားစွာနဲ့မေးပါတယ်။ ပြီးတော့ သူဖြစ်ချင်တာကို ပြောပါတယ်”လို့ ပြောပါတယ်။ 

ဒီနေ့ စစ်ဆေးခဲ့တဲ့အမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည် &င်ဆိုင်နေရတဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ စတဲ့ အမှုသုံးမှုဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်ကိုတော့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့အမှုကိုစစ်ဆေးခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013