DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင်  မွတ်စလင်ကိုယ်စားလှယ်လောင်း  ၂ ဦး ပယ်ချခံရ
DVB
·
August 16, 2020
ရခိုင်ပြည်နယ်တွင်  မွတ်စလင်ကိုယ်စားလှယ်လောင်း  ၂ ဦး ပယ်ချခံရ
Donate to DVB

ရခိုင်ပြည်နယ်မှာ  ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် မွတ်စလင်ကိုယ်စားလှယ်လောင်း ၆ ဦး လျှောက်ထားရာ  သြဂုတ် ၁၅ ရက်နေ့အထိ ကိုယ်စားလှယ်လောင်း ၂ ဦး ဥပဒေနဲ့ ငြိစွန်းလို့ ပယ်ချခံထားရတယ်လို့ သိရပါတယ်။

ပယ်ချခံရသူတွေကတော့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ စစ်တွေမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ပြိုင်ဖို့လျှောက်ထားတဲ့ အဒူရော်ရှိဆိုသူနဲ့ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်နေရာအတွက် တစ်သီးပုဂ္ဂလ ဝင်ပြိုင်ဖို့ လျှောက်ထားသူ  အဘူတာဟေရ်တို့ ၂ ဦး ဖြစ်ပါတယ်။

တစ်သီးပုဂ္ဂလ ဝင်ပြိုင်ဖို့ လျှောက်ထားသူ  အဘူတာဟေရ်က “ ဩဂုတ် ၁၄ ရက်နေ့က ကျနော့်ကို မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က စိစစ်တဲ့အခါမှာ ခရိုင်လဝက ဘက်ကနေ နိုင်ငံသားဖြစ်တဲ့အတွက် ငြင်းဆိုစရာမရှိပေမယ့်  ကျနော့်ကို မွေးဖွားတဲ့အချိန်မှာ မိဘနှစ်ပါးက နိုင်ငံသားမဖြစ်သေးဘူးဆိုပြီး ပယ်ချတယ်လို့ ခရိုင်ကော်မရှင်ကပြောတယ်။”လို့ ပြောပါတယ်။

အဘူတာဟေရ်အနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းကလည်း ကိုယ်စားလှယ်လောင်းအဖြစ်  ဝင်ပြိုင်ခွင့်ရခဲ့ပေမဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲကျမှ ဝင်ပြိုင်ခွင့်မရတာ ဟာ မတရားဘူးလို့လည်း ပြောပါတယ်။ 

“ဒီလိုပယ်ချတာဟာ တမင်ရည်ရွယ်ချက်ရှိရှိ မွတ်ဆလင် အမတ်တွေကို ပယ်ချလိုက်တာသာ ဖြစ်တယ်။ ဘာအတွက်လဲဆိုရင်  ကျနော်က  ၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခွင့်ရရှိခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်ခွင့်ရခဲ့တယ်။ ၁၉၉၀ တုန်းက ဒုတိယနေရာသာ အနိုင်ရတဲ့အတွက် အမတ်မဖြစ်ခဲ့ဘူး။ ၂၀၁၀ မှာကျတော့ အနိုင်ရခဲ့ပေမဲ့  ကန့်ကွက်သူရှိတဲ့အတွက် အမတ်မဖြစ်ခဲ့ပြန်ဘူး။ အခုတဖန် အပယ်ခံရတာကတော့ မတရား လုပ်တာလိုပဲ ပြောချင်ပါတယ်” လို့ အဘူတာဟေရ်က ပြောပါတယ်။

မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိကတော့ အဘူတာဟေရ်ဟာ သူ မွေးဖွားစဉ်မှာ  သူ့ရဲ့  မိဘနှစ်ပါးက နိုင်ငံသားမဖြစ်သေးတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀(င)နဲ့ ငြိစွန်းတဲ့အတွက် ပယ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ မွတ်စလင် ကိုယ်စားလှယ်လောင်း  ၆ ဦးရှိတဲ့အထဲမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီက ၅ ဦးနဲ့  တစ်သီးပုဂ္ဂလ ၁ ဦး ပါဝင်ပါတယ်။

မောင်တောခရိုင်ကနေ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံဖို့ လျှောက်ထားတဲ့ ဒီမိုကရေစီနှင့်လူအခွင့်အရေးပါတီဝင်   ၄ ဦးရဲ့  အခြေအနေကတော့  မသိရသေးပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း ၅ မှာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူတွေနဲ့  ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသူများဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုရာမှာ  'မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှဖြစ်စေ၊ နှစ်ပါးလုံး မှဖြစ်စေ မွေးဖွားသည့်နိုင်ငံသား’ ဆိုတဲ့အချက် ပါဝင်နေ​တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013