
ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၂ ရစ်ချ်တာစကေးနဲ့ ပြင်းအား ၇ ဒသမ ၅ ရစ်ချ်တာစကေး အသီးသီးရှိတဲ့ အင်အားပြင်း ငလျင်ကြီး ၂ ခု ရှေ့ဆင့်နောက်ဆင့် လှုပ်ခတ်အပြီးမှာ နောက်ဆက်တွဲ ငလျင်ငယ် ၂ ဒါဇင်နီးပါး လှုပ်ခတ်လို့ မြို့တော် ကရာကာ့စ်နဲ့ တခြားနေရာတွေရှိ အဆောက်အအုံ တွေ ပြိုကျခဲ့ပြီးနောက်မှာ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်က ဇွန် ၂၄ ရက်မှာ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
နိုင်ငံပိုင်ရုပ်သံလိုင်းကနေ အမျိုးသားညီလာခံဥက္ကဋ္ဌဖြစ်သူ ဟော်ရ်ဟဲ ရိုဒရီဂတ်ဇ်၊ ပြည်ထဲရေး ဝန်ကြီး ဒီယိုစ်ဒါဒို ကာဘဲလ်ယိုတို့နဲ့အတူ ထွက်ပေါ်လာတဲ့ ယာယီသမ္မတ ရိုဒရီဂွက်ဇ်က သေဆုံးသူ တွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း ပြောကြားခဲ့ပေမဲ့ သေဆုံး၊ ဒဏ်ရာရ စာရင်းကို အာဏာပိုင် တွေဘက်ကတော့ အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ကတော့ ကာရာကတ်စ်မြို့ရဲ့ အနောက်ဘက် ၁၆၀ ကီလိုမီတာ (မိုင် ၁၀၀) လောက်အကွာကို ဗဟိုပြုပြီး ပမာဏ ၇ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာဖြစ်ပြီး ၁ မိနစ်တောင် မပြည့်ခင်မှာပဲ ပမာဏ ၇ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင် ထပ်မံ လှုပ်ခတ်ခဲ့တာပါ။
ဒီငလျင်ကြောင့် သေဆုံးသူ အရေအတွက်များနိုင်ပြီး ပျက်စီးဆုံးရှုံးမှု အလွန်ကျယ်ပြန့်နိုင်တယ်လို့ ကနဦး သတိပေးထားပါတယ်။ ယာယီသမ္မတကလည်း ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေဆီကနေ ရန်ပုံငွေတောင်းခံသွားမယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ မြို့တော်ကရာကာ့စ် အနီးက မိုင်ကေးတီးယား လေဆိပ်လည်း ပျက်စီးသွား လို့ ပိတ်ထားရပြီး လေဆိပ်အတွင်း ပျက်စီးနေပုံတွေကို လွှတ်တော်အမတ်ဟောင်းတယောက်ရဲ့ ဗီဒီယိုဖိုင်မှာ တွေ့မြင်ရပါတယ်။
မြို့ခံတွေရဲ့ ပြောပြချက်အရ ငလျင်လှုပ်ချိန်မှာ မီးခိုးလုံးကြီးတွေကြောင့် ဘာမှမမြင်ရဘဲ ထိတ်လန့်စရာ ရုပ်ရှင်တခုလို အပျက်အစီးတွေပေါ်ကနေ ကျော်ဖြတ်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ ပြိုကျနေတဲ့ အဆောက်အအုံတွေထဲကနေ ပိတ်မိ နေသူတွေကို နာရီပေါင်းများစွာကြာ ဆက်တိုက် ရှာဖွေကယ်ဆယ်နေကြပြီး ဆေးရုံအပြင်ဘက် တွေမှာလည်း ဘေးကင်းရာ ရွှေ့ပြောင်းထားတဲ့ လူနာတွေနဲ့ ပြည့်နှက်နေပါတယ်။
နိုင်ငံတဝန်း သေဆုံးသူ၊ ဒဏ်ရာရသူ အရေအတွက်ကို ချက်ချင်း ထုတ်ပြန်ခြင်း မရှိသေးပေမဲ့ ဒေသခံအရာရှိတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ အဆောက်အအုံတွေ ပြိုကျတာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရတာနဲ့ ဒဏ်ရာရသူ အရေအတွက် တိုးလာနေပါတယ်။
Source:Reuters










