
ပဲခူးမြို့မှာ ဇူလိုင် ၄ ရက် ဒီနေ့မနက် ၈ နာရီလောက်က ရှင်စောပုရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ကျော်ကို လူနှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားပါတယ်။
''ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ကျော်က အိမ်ကနေစျေးကို ဆိုင်ကယ်နဲ့ထွက်သွားတာ။ ဆိုရှယ်လစ် ၉ လမ်းထိပ်ရောက်တော့ အမျိုးသားနှစ်ဦးက ဆိုင်ကယ်နဲ့နောက်က လိုက်လာပြီးတော့ သေနတ်နဲ့ နှစ်ချက်ပစ်သွားတယ်လို့သိရတယ်။ ကျည်က ဗိုက်ကိုထိတာ။ ဆေးရုံရောက်ပြီး သိပ်မကြာဘူး ဆုံးသွားတယ်လို့ကြားတယ်။ သူက စစ်ထွက်လေ။ ဒလန်အကြီးစားလို့ သတင်းထွက်နေတဲ့သူ'' လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ကျော် ဟာ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်ဆိုရှယ်လစ် ၈ လမ်းမှာနေထိုင်ပြီး အခုပစ်ခတ်မှုကို ဘယ်အဖွဲ့ကပြုလုပ်တယ်ဆိုတာကို သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။