DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့က ကိုဗစ်-၁၉ လူနာများ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေ
DVB
·
July 4, 2021
တောင်တွင်းကြီးမြို့က ကိုဗစ်-၁၉ လူနာများ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေ
1 / 2
Donate to DVB

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ အတည်ပြုလူနာတွေကို  ပြည်သူ့ဆေးရုံနဲ့ ပရပ်ကြယ်တိုက်နယ်ဆေးရုံတွေမှာ ထားရှိပြီး နေထိုင်စားသောက်ရေး အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။

ကျန်းမာရေးဌာနက တာဝန်ရှိသူတဦးက “အစကတော့ ပိုးတွေ့လူနာတွေကို ပြည်သူ့ဆေးရုံမှာပဲ ထားတယ်။ ကူးစက်မှုတိုးလာပြီး လူဦးရေများလာတော့ မနိုင်တော့လို့ ပရပ်ကြယ်တိုက်နယ်ဆေးရုံကို ပြောင်းထားရတာ” လို့ ပြောပါတယ်။

ဆေးရုံတွေက ပိုးတွေ့လူနာတွေမှာ နေထိုင်စားသောက်ရေး အခက်အခဲတွေရှိတယ်လို့ ရောဂါပိုးကူးစက်ခံရသူတစ်ဦးက ပြောပါတယ်။

“စားဝတ်နေရေး ဘာမှစီစဉ်ပေးတာမရှိဘူး။ ထမင်းဆိုရင်လည်း အိမ်ကပို့မှ စားရတယ်။ ဝေးတဲ့ရွာက လူနာတွေဆိုရင် အချိန်မှန် ထမင်းမစားရဘူး။ အိမ်သာဆိုလည်း ရေမရှိဘူး။ ဆေးလည်း မှန်မှန်မတိုက်ဘူး။ ရေချိုးဖို့ကအစ ခက်ခဲနေတယ်။ ဆေးစစ်တဲ့နေ့ကဆိုရင် တနေကုန် ထမင်းမစားလိုက်ရဘူး။ ဆေးရုံက အခန်းထဲမှာ ၁၈ ယောက်ထားတယ်။ အပြင်မထွက်အောင်လို့တဲ့ ပြတံခါးတွေကို သံချွန်ရိုက်ပြီး အသေပိတ်ထားတယ်။ လေဝင်လေထွက်က မကောင်း၊ အနံ့အသက်ကလည်း ဆိုးတယ်။” 

ရက်တိုအတွင်း ရောဂါပိုးကူစက်မှု မြင့်မားလာနေပေမယ့် လူစည်ကားရာနေရာတွေကို ယာယီပိတ်ထားတွေ မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းတာကြောင့် ရောဂါပိုးက ပိုပြီးကူးစက်လိမ့်မယ်လို့ ပြောရဲတယ်။ ရုံးတွေ၊ စျေးတွေ၊ ကျောင်းတွေ မပိတ်သေးဘူး။ မြို့အဝင်အထွက်တွေ မစစ်ဆေးသေးဘူး။ ပြည်သူတွေအတွက်ကတော့ ရင်လေးစရာပဲ။ ပြည်တော်ပြန်တွေကို မထိန်းချုပ်နိုင်သေးဘူး။”

စာသင်ကျောင်းတွေကိုလည်း မပိတ်ရဘူးလို့ မြို့နယ်ပညာရေးမှူးက ညွှန်ကြားထားကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ရောဂါပိုးတွေ့ရင် ပိုးတွေ့တဲ့အတန်းပဲ ပိတ်ထားရမယ်။ ကျန်တဲ့ အတန်းတွေနဲ့ ပညာရေးဝန်ထမ်းတွေက ပုံမှန်အတိုင်း ကျောင်းတက်ရမယ်လို့ ပညာရေးမှူးက ညွှန်ကြားထားတယ်။ ကျနော်တို့လည်း စားဝတ်နေရေးအတွက် ကြောက်ကြောက်နဲ့ ကျောင်းတက်နေရတာ။” 

စစ်ကောင်စီနဲ့ အလုပ်မလုပ်ချင်ပေမယ့် ပြည်သူ့ကျန်းမာရေးဖြစ်လို့ ဝင်ရောက်လုပ်ကိုင်နေရတယ်လို့ ပရဟိတသမားတစ်ဦးက ပြောပါတယ်။

“တနေ့က စစ်ကောင်စီက ဗိုလ်မှူး ရွာကိုလာသွားတယ်။ လူနာတစ်ဦးကို တနေ့စားစရိတ် ကျပ် ၂၅၀၀ နှုန်းနဲ့ဖြတ်ပြီး ချက်ကျွေးဖို့ ပြောတယ်။ အဲဒီငွေကိုလည်း ရွာကစိုက်ထားဦးတဲ့။ နောက်မှပြန်ပေးမယ်လို့ ပြောသွားတယ်ဗျာ။ အလှူရှင် ရှာပါလို့လည်း မှာသွားတယ်။ ဘယ်ရလိမ့်မလဲဗျာ။ အခုချိန်က စိုက်ချိန်ပျိုးချိန်တိုတော့ ငွေပိုငွေလျှံမရှိကြဘူး။ အခုကတော့ အရင်အစိုးရတုန်းကလို ကြက်ဥဟင်းတို့ အသားဟင်းတို့မပြောနဲ့၊ ထမင်းတမျိုးတည်းကို အနိုင်နိုင်ကျွေးနေရတယ်။”

တောင်တွင်းကြီးမြို့က ကိုဗစ်-၁၉ ကူးစက်ခံရသူတွေထဲမှာ ရဟန်း ၃ ပါး၊ ကိုရင် ၄ ပါး နဲ့ ၂ နှစ်အရွယ်ကလေး ၁ ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ဇွန်လ ၂၂ ရက်မှ ဇူလိုင် ၃ ရက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၈ ဦးအထိရှိလာပြီး တောင်တွင်းကြီးဆေးရုံမှာ ၈ ဦး၊ ပရပ်ကြယ်တိုက်နယ်ဆေးရုံမှာ ၅၆ ဦး၊ ဆေးရုံဆင်းသူ ၂ ဦးနဲ့ သေဆုံးသူ ၂ ဦး ရှိပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013