
အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ဘုန်းမောက်အသင်းတို့ ဒီနေ့မနက် အစောပိုင်းက ဘုန်းမောက်ရဲ့ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာ တဖက် ၂ ဂိုးစီနဲ့သရေကျသွားပါတယ်။
ပထမပိုင်းမှာ နှစ်ဖက်စလုံး ဂိုးကန်သွင်းတာတွေ လုပ်ခဲ့ပေမဲ့ ဂိုးသမားတွေ လက်စွမ်းပြနေတာကြောင့် ဂိုးမရခဲ့ပါဘူး။
ဒုတိယပိုင်း ပွဲချိန် ၆၁ မိနစ်မှာတော့ မန်ယူတောင်ပံကစားသမား ကူညာကို ဘုန်းမောက်နောက်တန်းက ဆွဲခဲ့တဲ့အတွက် ပင်နယ်တီပေးခဲ့ပြီး အဲဒီပင်နယ်တီကို မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းပြီး မန်ယူတို့ အဖွင့်ဂိုးရခဲ့ပါတယ်။
ဒါပေမဲ့ ၆၇ မိနစ်မှာပဲ ဘုန်းမောက်ကစားသမား ရိုင်ယန်ခရစ္စတီက ပင်နယ်တီစည်းထိပ်ကနေ ကန်သွင်းပြီး ချေပဂိုးရယူသွားပါတယ်။
ပွဲချိန် ၇၁ မိနစ်မှာတော့ မန်ယူအသင်းထောင်ကန်ဘော ကန်တင်တာကို ဘုန်းမောက်ကစားသမား ဂျိမ်းစ်ဟေးလ်ခေါင်းတိုက်ဖျက်ရင်း ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့အတွက် မန်ယူတို့ ဦးဆောင်ဂိုးထပ် ရခဲ့ပါတယ်။
ဒါပေမဲ့ ပွဲချိန် ၇၈ မိနစ်မှာပဲ ဘုန်းမောက်တိုက်စစ်မှူး အီဗန်နယ်လ်ဆင်ကို ပင်နယ်တီ ဧရိယာထဲမှာ ဆွဲခဲ့တယ်ဆိုပြီး မန်ယူနောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရသလို ပင်နယ်တီလည်း ပေးလိုက်ရပါတယ်။
အဲဒီပင်နယ်တီကို ဂျူနီယာခိုပီက အမှားအယွင်းမရှိ ကန်သွင်းခဲ့တဲ့အတွက် မန်ချက်စတာယူနိုက်တက်နဲ့ ဘုန်းမောက်တို့ ပွဲပြီးချိန်မှာတဖက် ၂ ဂိုးစီသရေကျသွားပါတယ်။
Photo: Reuters











