
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်ကနေ ရခိုင်ကို ထိုးစစ်ဆင်တဲ့ စစ်အာဏာရှင် တပ်ရဲ့ ယာယီစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒရုန်းနဲ့တိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရရှိမှု များပြားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
မင်းတုန်းမြို့နယ် သဖန်ရောင်၊ ဝက်ကော် စတဲ့ ကျေးရွာဝန်းကျင်တွေမှာ ယာယီအထိုင်ချထားတဲ့ စစ်တပ်စခန်းကို AA က ဇွန် ၂၁ ရက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃၀ လောက် ဒဏ်ရာရရှိသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“AA က ဒရုန်းနဲ့တိုက်လိုက်လို့ အယောက် ၃၀ လောက် ထိသွားတယ်။ ဒဏ်ရာရသူတွေရော သေတဲ့သူကိုရော မင်းတုန်းဆေးရုံကို ပို့ထားတယ်။”
စစ်တပ်ဟာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နေရာဒေသတွေကို အကြိမ်ကြိမ် အင်အားဖြည့်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပေမဲ့ AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှု၊ ဒရုန်း၊ စနိုက်ပါတွေနဲ့ ပစ်ခတ်ခံရတာကြောင့် အကျအဆုံးများနေတယ်လို့ နောက်ထပ် ဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“သူတို့ဘက်က အကြိမ်ကြိမ် ထိုးစစ်ဆင်တယ်။ လက်နက်ကြီးနဲ့ ပစ်တယ်၊ ဗုံးကြဲတယ်။ AA ဘက်ကလည်း ပြန်ပစ်လို့ စစ်ကောင်စီဘက်က ရိုးပေါ်ကို မရောက်နိုင်ဘူး၊ လမ်းတဝက်မှာတင် ဆင်းသွားရတာ။”
မကွေးဘက်က စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ လက်နက်အင်အား၊ လူအင်အားတွေ အများအပြားနဲ့ ရခိုင်ရိုးပေါ်ကို စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး အဲဒီကနေ AA ရဲ့ တိုက်ခိုက်မှုကြောင့် ရိုးတောင်ခြေရင်းကို တပ်ဆုတ်သွားကာ လက်ရှိမှာ သဖန်ရောင်၊ ဝက်ကော် စတဲ့ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ တပ်စွဲနေရာယူကာ ယာယီအထိုင်စခန်းတွေ ချထားတာလို့ ဒေသခံတွေက ပြောပါတယ်။
အလားတူ စစ်အာဏာရှင်တပ်က မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်တောင်ဗျူဟာကို နောက်တန်းမှ အင်အားစုပြီး ပဇီ၊ ဂုတ်ကြီးမှတဆင့် ထိုးစစ်ဆင်နေကာ နှစ်ဖက်တိုက်ပွဲ ဖြစ်နေပြီး စစ်တပ်က နေ့စဉ် ဒရုန်း၊ လက်နက်ကြီး၊ ဂျက်၊ Y12 တို့နဲ့ အခုရက်ပိုင်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေ ပါတယ်။










