DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်စခန်းရှိ တဲအိမ် ၆၀၀ ခန့်ပျက်စီးနေသဖြင့် ရခိုင်ဒုက္ခသည်များ နေထိုင်ရေးအခက်ကြုံ
DVB
·
June 19, 2021
စစ်ရှောင်စခန်းရှိ တဲအိမ် ၆၀၀ ခန့်ပျက်စီးနေသဖြင့် ရခိုင်ဒုက္ခသည်များ နေထိုင်ရေးအခက်ကြုံ
1 / 10
Donate to DVB

ရခိုင်ပြည်နယ်မှာ မိုးသက်လေပြင်းတွေကြောင့် စစ်ဘေးရှောင်စခန်းရှိ လူနေတဲအိမ် ၆၀၀   ဝန်းကျင်ပျက်စီးသွားကာ စစ်ဘေးရှောင်တွေ နေထိုင်ရေး အခက်အခဲရှိနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက သိရပါတယ်။

မိုးဦးကာလ မိုးသက်လေပြင်းကျရောက်တာတွေကြောင့် ပျက်စီးသွားတဲ့ တဲအိမ် ၂၀၀ လောက်နဲ့  ပြီးခဲ့တဲ့လ ဆိုင်ကလုန်းမုန်တိုင်း (YAAS) အရှိန်ကြောင့် ပျက်စီးသွားတဲ့ ရခိုင်စစ်ဘေးရှောင်စခန်းတချို့က လူနေတဲအိမ် ၄၀၀  စုစုပေါင်း တဲအိမ် အလုံးပေါင်း ၆၀၀ လောက်  ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက “ ဒီစစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ လူနေတဲအိမ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေကြပြီ၊ ဒီဟာတွေကို အသစ်ပြန်ဆောက်ရမယ့် အချိန်မှာ မဆောက်နိုင်ခဲ့ဘူး၊ ဒါကြောင့် မုတ်သုံမိုးရာသီစဝင်တဲ့အချိန်မှာ မုန်တိုင်းအရှိန်ကြောင့် မိုးသက်လေပြင်းကျပြီးတော့ တချို့မှာ အမိုးပျက်တာတွေ၊ ဝါးထရံကာပျက်တာတွေ၊ ကြမ်းခင်းပေါက်တာတွေ၊ အိမ်တွေယိမ်းယိုင်တာတွေရှိတယ်၊ အဲဒီဟာအရေအတွက်က ၄၀၀ ကျော်လောက်ရှိတယ်၊ အခုမိုးဦးကာလမှာလည်း မိုးသက်လေပြင်းတိုက်ပြီးတော့ ထပ်ပျက်စီးသွားတာတွေက ၂၀၀ ဝန်းကျင်လောက်ရှိတယ်၊ လုံးပေါင်း ၆၀၀ ဝန်းကျင်လောက်ဟာ လူနေလို့အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။

ပျက်သွားတဲ့အိမ်တွေကို တခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ယာယီနေထိုင်လို့ရအောင်ဆောင်ရွက်ပေးနေပေမဲ့   မိုးများတဲ့ ရခိုင်ဒေသမှာ ဒုက္ခသည်တွေ နေထိုင်ရေးက ဖြစ်သလိုနေနေရတဲ့အတွက်  ရေရှည်အတွက် အဆင်ပြေဘူးလို့လည်း  ပြောပါတယ်။

ဒါ့အပြင် စားသောက်ရေးမှာလည်း လုံလောက်တဲ့ထောက်ပံ့မှုတွေမရရှိသလို နိုင်ငံတကာအ ဖွဲ့အစည်းတွေအနေနဲ့လည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အရင်ကလိုကူညီဆောင်ရွက်ပေးနိုင်တဲ့ အခြေအ‌နေမရှိတော့ပါဘူး။ 

“နေထိုင်ရေးတစ်ခုတည်းမဟုတ်ဘူး။ စားရေးသောက်ရေးပိုင်းမှာဆိုရင်လည်း စစ်ကောင်စီက ပုံမှန်ထောက်ပံ့မှုတွေ မရှိဘူး၊ တချို့စခန်းတွေဆို ရောက်ချင်တဲ့ အချိန်ရောက်တယ်။ တချို့စခန်းတွေဆို လုံးဝမရောက်ဘူး။ တခြားကူညီပေးနေတဲ့ UN အဖွဲ့အစည်းတွေဖြစ်တဲ့ WFP တို့ I CRC တို့ကလည်း သူတို့ အခက်အခဲနဲ့သူတို့၊ ပုံမှန်မရောက်ဘူး၊ ရောက်တာနောက်ကျတယ်။ ဟိုမှာစားဖို့သောက်ဖို့က အချိန်နဲ့အမျှလိုနေတယ်။ အပြင်မှာ အလုပ်အကိုင်ထွက်လုပ်ဖို့ကလည်း အလုပ်အကိုင်တွေကမရှိဘူး။ ရှိတာလည်းနဲ့ထမင်းတစ်လုပ်ကို ဝမ်းဝရုံလောက်ပဲ အာဟာရဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကျန်းမာရေးနဲ့ညီညွတ်ညွတ် မညွတ်ညွတ် အခုကအဲဒီလိုစားနေရတယ်” လို့ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

ရခိုင်မှာ စစ်တပ်နဲ့ အေအေတို့ ၂ နှစ်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ထိရှိခဲ့ပါတယ်။

လက်ရှိရခိုင်မှာတိုက်ပွဲ မဖြစ်တဦ  ၈ လဝန်းကျင်ရှိလာပေမဲ့ စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်ဟာ အကြောင်းအမျိုးမျိုးကြောင့် မိမိနေရပ်ကိုမပြန်ရဲဘဲ စစ်ဘေးရှောင်စခန်းတွေနဲ့ နီးစပ်ရာနေရာတွေမှာ ခိုလှုံနေကြဆဲဖြစ်ပါတယ်။

Photo Credit- ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013