DVB Logo
Home
မြန်မာသတင်း
မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက်ဖြစ်ပွား
DVB
·
June 15, 2021
မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ အစုလိုက်အပြုံလိုက်ဖြစ်ပွား
Donate to DVB

မြန်မာနိုင်ငံအတွင်း စာသင်ကျောင်းတချို့မှာ အစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်မှုတွေ ရှိလာတာကြောင့် စာသင်ကျောင်းတွေ ဆက်ဖွင့်သင့် မဖွင့်သင့်ကို စဉ်းစားဖို့ လိုအပ်နေပြီလို့  ကျောင်းသားမိဘတွေက ပြောပါတယ်။

စစ်ကောင်စီက ဇွန်လ ၉ ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တဲ့ ရန်ကုန် လှည်းကူးမြို့နယ်က မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကိုဗစ်-၁၉ အစုလိုက် အပြုံလိုက် ကူးစက်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးပါတယ်။

အဲ့ဒီကျောင်းမှာ ကျောင်းဆရာမတစ်ယောက် ကိုဗစ်ကူးစက်ခံရပြီး သေဆုံးသွားလို့  ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို စစ်ဆေးခဲ့ရာမှာ အယောက်  ၂၄၀ ကျော် ပိုးကူးစက်ခံထားရတယ်လို့ သိရပါတယ်။

လက်ရှိ နိုင်ငံတဝန်း စစ်ကောင်စီက ဖွင့်တဲ့ ကျောင်းတွေကို ကျောင်းသားကျောင်းသူ ၈၀ ရာခိုင်နှုန်းက မတက်ရောက်ပေမယ့် စာလာသင်တဲ့ ကျောင်းသား ကျောင်းသူတချို့လည်း ရှိနေဆဲ ဖြစ်ပါတယ်။ ခုလို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များလာချိန် ကလေးတွေကို ကျောင်းပို့တာဟာ ဒုက္ခတွင်းထဲပို့နေသလိုပဲလို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ 

"အစကတည်းက စစ်ကောင်စီလက်အောက်က ဖွင့်တာမို့လို့ ကလေးတွေကို ကျောင်းမထားဘူး။ ခုဆို ကိုဗစ်ပိုးကူးစက်တာတွေလည်း များလာပြီ။ ဒီလိုအချိန်မှာ အပြင်ထွက် ကလေးကျောင်းမပို့နိုင်ဘူး။ ပိုးကူးစက်မှုအရမ်းများနေတယ်လို့ သူတို့ပဲပြောပြီး ကျောင်းတွေကတော့ ဆက်ဖွင့်နေတယ်။ ကိုဗစ်လည်း မပြီးသေးတဲ့အချိန်မှာ ကျောင်းတွေ မဖွင့်သင့်ဘူး။ ကလေးတွေကို ကျောင်းထားတဲ့ မိဘတွေလည်း ကိုယ့်ကလေးကိုယ် ဒုက္ခတွင်းထဲပို့နေသလိုပဲ။ အခုဆိုရင် အိမ်တွေမှာလည်း စာသင်၊ စာလေ့လာလို့ ရနေတာပဲလေ" လို့ ပြောပါတယ်။

စစ်ကောင်စီက စာသင်ကျောင်းတွေကို ကိုဗစ်စည်းကမ်းတွေနဲ့ အညီ ဖွင့်လှစ်ထားတယ်လို့ ပြောနေပေမဲ့ စာသင်ကျောင်းတွေမှာ ကိုဗစ်ပိုးကူးစက်မှုတွေက ရှိနေတာပါ။ ကိုဗစ်ဖြစ်ပွားမှု မြင့်တက်ခဲ့တဲ့အတွက် Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၇ ခုက စာသင်ကျောင်းတွေကိုလည်း ပိတ်ထားပါတယ်။

"ဒီအချိန်က ကိုဗစ်ကာကွယ်ဆေးလည်း အကုန်လုံးလက်လှမ်းမမှီသေးဘူးလေ။ ဆေးထိုးပြီးသား လူတွေ ထပ်ကူးစက်တာလည်း ကြားနေရတယ်။ ဖြစ်လာရင်လည်းအရင်လို ကွာရန်တင်းစင်တာတွေမရှိ ဆရာဝန်တွေ အများစုကလည်း CDM ထားတော့ လုံလောက်မှာမဟုတ်ဘူး။ ကလေးကျောင်းတက်ရင် မိဘကပို့ရမယ်။ အပြင်ထွက်ရမယ် ။ ကျောင်းမှာက Social Distancing နဲ့ ထားနိုင်တဲ့ အနေအထားလည်း မရှိဘူး။ အဲ့ risk (စွန်စားမှု) ကို ယူပြီးတော့ကျောင်း မပို့နိုင်ပါဘူး။ ကျောင်းတွေလည်း ဆက်ဖွင့်ဖို့ စဉ်းစားသင့်ပါတယ်" လို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းဖြစ်ပွားနေပြီလို့ ဒေါက်တာခင်ခင်ကြီးက ပြောဆိုထားပေမယ့် စာသင်ကျောင်းတွေကိုတော့ စစ်ကောင်စီက ဖွင့်ထားဆဲ ဖြစ်ပါတယ်။ ဇွန်လ ၁ ရက်နေ့ကစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁-၂၂ ခု ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

"အခု ဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်းက new strain/variant ဖြစ်တဲ့အတွက် ပိုးကူးစက်မှုမြန်ပြီး သေဆုံးနှုန်းများလာပါတယ်။ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ စင်္ကာပူလို နိုင်ငံတွေမှာ တောင် ကျောင်းတွေကို လိုက်ပိတ်နေတဲ့ အခြေအနေထိ ကာကွယ်နေတဲ့အချိန်မှာ စစ်ကောင်စီက ကျောင်းတွေ အတင်းအကျပ်ဖွင့်နေတာဟာ WHO ရဲ့ ရောဂါ ထိန်းချုပ်ကာကွယ်ခြင်း နည်းလမ်းတွေနဲ့လည်း မကိုက်ညီဘူး။ ကျောင်းသားမိဘ ပြည်သူတွေကို သေတွင်း တွန်းပို့ နေသလိုပဲ။ လက်ရှိမှာလည်း ကိုဗစ်ကာကွယ်ဆေးနဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ပေးနေတဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေကို မတရားဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာကြောင့် ကိုဗစ် တတိယလှိုင်းဟာ မြန်မာနိုင်ငံအတွက်တော့ အန္တရာယ်များတယ်" လို့ CDM ဆောင်ရွက်နေတဲ့ ဆရာဝန်တစ်ဦးက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးတာ၊ စစ်ဆေးတာတွေကို အာဏာသိမ်း စစ်ကောင်စီက ဆက်လက် ဆောင်ရွက်နေပေမယ့် ပြည်သူလူထု အများစုက ပူးပေါင်းပါဝင်ခြင်း မရှိသလို အာဏာ ဖီဆန် CDM လုပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကလည်း လုပ်ငန်းခွင် ပြန်ဝင်ခြင်း မရှိသေးပါဘူး။ 

မနေ့က စစ်ကောင်စီရဲ့ ကိုဗစ်အခြေအနေ သတင်းထုတ်ပြန်ချက်မှာတော့ ၂၈၁၉ ဦး စစ်ဆေးရာမှာ ၂၂၃ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဇွန်လ ၁၂ ရက်နေ့မှာ ပိုးတွေ့လူနာ  ၁၀၀ ကျော်နဲ့ ဇွန်လ ၁၃ ရက်နေ့မှာ ပိုးတွေ့ရှိသူ ၃၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013