DVB Logo
Home
မြန်မာသတင်း
စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသူ ၂၂ ဦး၊ အလောင်း ပြန်မရသူ ၃ ဦးရှိ
DVB
·
June 11, 2021
စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေဆုံးသူ ၂၂ ဦး၊ အလောင်း ပြန်မရသူ ၃ ဦးရှိ
Donate to DVB

စစ်ကြောရေးမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပြင်းထန်တဲ့  နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် သေဆုံးခဲ့ရသူ ၂၂ ယောက်နဲ့ အဲဒီထဲက ၃ ယောက်ကတော့ အလောင်းပြန်ယူခွင့် မရသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ရွေးကောက်ခံ နိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို နေ့စဉ်နဲ့အမျှ နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ကြတာပါ။

အဲဒီလို မတရားဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းမှုတွေ ပြုလုပ်တာကြောင့် တချို့မှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းသူတွေရှိသလို တချို့မှာတော့ အသက်သေဆုံးသည်အထိ နှိပ်စက် ညှဉ်းပန်းမှုတွေလည်း ရှိခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

စစ်အာဏာရှင် အဆက်ဆက်ဟာ ပြည်သူတွေကို အကြောက်တရားနဲ့ လွှမ်းမိုးစေဖို့ အထူးရည်ရွယ်ချက်နဲ့ နှိပ်စက်ညှဉ်းပန်းမှုကို မူဝါဒတွေ ချမှတ်လုပ်ဆောင်ခဲ့ကြပြီး စစ်အ စိုးရတွေလက်ထက် စစ်ကြောရေးစခန်းတွေဟာ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှု စခန်းတွေအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အုပ်ချုပ်ရေးကာလအတွင်း စစ်အစိုးရဆန့် ကျင်သူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထောင်ချခဲ့ကြပြီး နဝတ၊ နအဖ အုပ်ချုပ်ရေး ကာလမှာ စစ်ကြောရေး စခန်း၊ အကျဉ်းထောင်၊ ရဲဘက် စခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်မှု၊ ဆေးဝါးကုသမှု မရရှိတာတွေကြောင့် ကျဆုံးသူ ၁၂၇ ယောက်ရဲ့ အချက်အလက်တွေကို အေအေပီပီက ကောက်ယူ မှတ်တမ်းတင်ထားခဲ့တယ်လို့ ဆိုပါတယ်။

အခုလက်ရှိအာဏာသိမ်းစစ်အုပ်စုဟာလည်း အဲဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေကို မူ ဝါဒအဖြစ် ဆက်လက်ချမှတ် ကျင့်သုံးနေကြပြီး ရိုက်နှက်ဖမ်းဆီးတာ၊ ကားနဲ့ ဝင်တိုက် ဖမ်းဆီးတာ၊ သေနတ်နဲ့ ပစ်ခတ်တာတွေကြောင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ် ရှားသူတွေဟာ ပြင်းပြင်းထန်ထန် ဒဏ်ရာဒဏ်ချက်တွေ ရရှိသွားကြပြီး တချို့မှာပင်ကိုယ်ရုပ်ကိုပင် မမှတ်မိနိုင်လောက်အောင် ဒဏ်ရာတွေ ရရှိထားကြတယ်လို့ ဆိုပါတယ်။

  စစ်အုပ်စုက ဖမ်းဆီးသွားပြီး နောက်တရက်မှာ အသက်မဲ့ခန္ဓာကိုယ်ကို လာယူဖို့ မိသားစုတွေဆီ အကြောင်းကြားတဲ့ ဖြစ်စဉ်တွေ၊ တချို့မှာ အသက်မဲ့ခန္ဓာကိုယ်ကိုတောင် ပြန်မရဘဲ သေဆုံးကြောင်း အကြောင်းကြားတဲ့ ဖြစ်စဉ်တွေဟာလည်း မြန်မာနိုင်ငံအနှံ့ ရှိနေခဲ့တယ်လို့ဆိုပါတယ်။

အေအေပီပီက ကောက်ယူ စုဆောင်းထားတဲ့ မှတ်တမ်းတွေအရ စစ်အုပ်စု အာဏာ သိမ်းချိန်ကစ ဒီကနေ့အထိ ဖမ်းဆီးခံခဲ့ရသူ ၅၉၆၅ ယောက်ရှိပြီး အဲဒီထဲက ၄၈၀၄ ယောက်ကတော့ အကျဉ်းထောင်နဲ့ စစ်ကြောရေး စခန်းတွေမှာ ဆက်လက်ဖမ်းဆီး ချုပ် နှောင်ခံထားရဆဲဖြစ်တယ်လို့ဆိုပါတယ်။

အသက်သေဆုံးသူစုစုပေါင်းကတော့ အနည်းဆုံး ၈၆၀ ယောက်ရှိခဲ့ကာ ဖမ်းဆီးခံရ ပြီးနောက် ပြင်းထန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသူ ၂၂ ယောက်နဲ့ အဲဒီထဲက ၃ ယောက်ကတော့ မိသားစုက အလောင်းပြန်ယူခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။

ကျဆုံးသူ ၂၂ ယောက်ထဲမှာ ၁၃ ယောက်ကတော့ ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးခဲ့ရသူတွေဖြစ်ပြီး၊ ၄ ယောက်ကတော့ ၂ ရက်အတွင်း သေဆုံးခဲ့ရသူတွေ ဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

၄ ယောက်ကတော့ ရက်သတ္တတပတ်အတွင်း သေဆုံးခဲ့ရပြီး၊ ၁ ယောက်ကတော့ ရက်သတ္တ ၂ ပတ်အတွင်း သေဆုံးခဲ့ရကာ ကြည့်ရှုခွင့်ရခဲ့တဲ့ သေဆုံးသူ အားလုံးနီးပါးမှာ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ရုပ်အလောင်းနေရာအနှံ့ ကြီးမားတဲ့ ဒဏ်ရာဒဏ်ချက်တွေ တွေ့ရပေမယ့် စစ်အုပ်စုကတော့ ရောဂါတခုခုနဲ့ သေဆုံးသွားကြောင်းသာ ထုတ်ပြန်ခဲ့ တယ်လို့ ဆိုပါတယ်။

အေအေပီပီ အနေနဲ့ အဲဒီလို ရက်စက်ကြမ်းကြုတ်စွာ တရားမဲ့ နှိပ်စက် ညှဉ်းပန်း သတ်ဖြတ်နေတာတွေကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချလိုက်ကြောင်းနဲ့ နိုင်ငံတကာ အ သိုင်းအဝိုင်းအနေနဲ့လည်း အသက်သေဆုံးသည်အထိ နှိပ်စက်ညှဉ်းပန်းမှုတွေ ထပ်မံမဖြစ် ပွားစေရေးအတွက် ဟန့်တားနိုင်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013