DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန်၊ မပြုရန် ဆက်ဆွေးနွေးရမည်ဟု NUG ဝန်ကြီးပြော
DVB
·
June 4, 2021
ရိုဟင်ဂျာကိုတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရန်၊ မပြုရန် ဆက်ဆွေးနွေးရမည်ဟု NUG ဝန်ကြီးပြော
Donate to DVB

ရိုဟင်ဂျာလူမျိုးစုအမည်ကို အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုပြီး နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်းကို နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက ဇွန်လ ၄ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ရိုဟင်ဂျာတွေကို တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုမပြု ဆိုတာကိုပြောနိုင်ဖို့ကတော့ ဆွေးနွေးတာတွေဆက်လုပ်ရမယ်လို့ ဝန်ကြီးကပြောပါတယ်။ ရိုဟင်ဂျာတွေနဲ့ လူမျိုးခြားတွေကို နိုင်ငံသားဖြစ်ခွင့် အကန့်အသတ်ဖြစ်စေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကိုလည်း ပြင်ဆင်ရေးဆွဲ ပြဋ္ဌာန်း သွားမယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

“နိုင်ငံသားဥပဒေမှာ အားနည်းချက်အများကြီးရှိတယ်ဆိုတာကို ကိုဖီအာနန်ရဲ့ထောက်ပြချက်အများကြီးရှိခဲ့ပါတယ်။ ၁၃၅မျိုးမှာ မပါဝင်ရင် နိုင်ငံသားဖြစ်ခွင့်မရှိတဲ့ အခြေအနေဖြစ်ခဲ့တယ်။ နိုင်ငံသားဖြစ်မှုက တိုင်းရင်းသား ဖြစ်မှုအပေါ်မူတည်နေတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ မွေးဖွားသော နိုင်ငံသားမိဘတွေကမွေးဖွားသော သူတွေ အားလုံးကို နိုင်ငံသားအဖြစ်အသိ အမှတ်ပြုဖို့ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတွေကြောင့်ခွဲခြားမှုတွေ ဖြစ်ခဲ့တယ်။ အဲ့ဒီကနေ မုန်းတီးမှုတွေ ဖယ်ထုတ်မှုတွေဖြစ်လာပါတယ်။ တကယ်လို့များလူ့အခွင့်အရေးချိုး ဖောက်မှုတွေရှိလာခဲ့ရင် တရားဥပဒေအရ အကာအကွယ် ပြည့်ပြည့်ဝဝရဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေထိကတော့ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခွင့်ရှိသူတိုင်းကို နိုင်ငံသားအဖြစ် သတ်မှတ်နိုင်ဖို့ ကြိုးစားပါတယ်။ တိုင်းရင်းသား အဖြစ်အသိအမှတ်ပြုဖို့မပြုဖို့ကတော့ ဆက်ဆွေးနွေးရမှာဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့ တိတိကျကျ ပြောနိုင်ဖို့ ဆက်ပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ ဝန်ကြီးဦးအောင်မျိုးမင်းက ပြောပါတယ်။

ရိုဟင်ဂျာတွေကို အသိအမှတ်ပြုတာဟာ ရခိုင်ပြည်နယ်အတွင်းနေထိုင်တဲ့ တခြားသောမျိုးနွယ်စုတွေကို ဖိနှိပ် ဖို့မဟုတ်ဘူးလို့လည်း ဦးအောင်မျိုးမင်းကပြောပါတယ်။ မြန်မာနိုင်ငံအတွင်းမှာနေထိုင်သူအားလုံး တန်းတူညီ မျှခွင့်ကို ခံစားခွင့်ရဖို့ NUG ကမူဝါဒထုတ်ပြန်တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ သစ်တစ်ခုကို NUG က ပြင်ဆင်ရေးဆွဲနေပြီး လုပ်ငန်းစဉ်ပြီးတာနဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကိုပြင်ဆင်သွား မယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

“ကျတော်တို့ထုတ်ပြန်ချက်မှာ ရိုဟင်ဂျာတွေကို ရိုဟင်ဂျာတွေအဖြစ်အသုံးပြုခဲ့တာအားလုံးသတိထားမိမှာပါ။ လူမျိုးစုတိုင်းက ကိုယ့်လူမျိုးကို ကိုယ့်စိတ်တိုင်းကျ အမည်သတ်မှတ်ခွင့်ရှိပါတယ်။ ဒါကို ကျွန်တော်တို့က အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ရိုဟင်ဂျာလို့ပြောပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ခွဲခြားဖိနှိပ်မှုတွေအများကြီး ရှိနေတာပါ။ ကျွန်တော်တို့ နိုင်ငံမှာ ခွဲခြားဆက်ဆံမှုမရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ လူကိုလူအဖြစ်အသိအမှတ်ပြုပါတယ်။ ရိုဟင်ဂျာတွေကို အသိအမှတ်ပြုတာဟာ ရခိုင်ပြည်နယ်ကတခြားသူ တွေကိုစော်ကားဖိနှိပ်ဖို့ မဟုတ်ပါဘူး။ လူ့အခွင့်အရေးချိုးဖောက်မှုကို ချိုးဖောက်တာအဖြစ်သတ်မှတ်ရပ်တည် ကြောင်း ကျွန်တော်တို့ရဲ့ပေါ်လစီကို ထုတ်ပြန်တာဖြစ်ပါတယ်” လို့ ဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။

ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့ မူဝါဒတွေကို NUG က ဒီအချိန်မှာ ချမှတ်ထုတ်ပြန်တာဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လူမျိုးစုရေးရာပြဿနာတွေကို မူဝါဒချပြီးကိုင်တွယ်ဖို့ လိုအပ်တယ်လို့ယူဆတာကြောင့်ဖြစ် တယ်လို့ ဦးအောင်မျိုးမင်းကပြောပါတယ်။

“ရိုဟင်ဂျာနဲ့ပတ်သက်တဲ့ မူဝါဒဒီအချိန်မှာ ဘာကြောင့်ထုတ်ရသလဲဆိုတော့ NUG အစိုးရရဲ့ရည်ရွယ်ချက်ကို လေးစားယုံကြည်ပြီး တန်းတူညီမျှမှုအတွက်ဖြစ်ပါတယ်။ ဘုံသဘောတူညီချက်အရ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ဖြစ်တယ်။ ရိုဟင်ဂျာကိစ္စဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာကတည်းကဖြစ်နေတဲ့ ပဋိပက္ခဖြစ်ပါတယ်။ ဒီကိစ္စတွေကို ဖြေရှင်းဖို့အတွက် မူဝါဒချနိုင်မှ ဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် မူဝါဒကိုအရင်ထုတ် ပြန်တာဖြစ်ပါတယ်။ ရှေ့ဆက်ရမယ့် လုပ်ငန်းစဉ်တွေလည်း အများကြီးရှိနေပါတယ်” လို့ ဝန်ကြီး ဦးအောင် မျိုးမင်းကပြောပါတယ်။

NUG အစိုးရရဲ့ ဇွန်လ ၃ရက်နေ့ထုတ်ပြန်ချက်မှာ ဖွဲစည်းပုံအခြေခံဥပဒေသစ်ရေးဆွဲတဲ့အခါမှာ နိုင်ငံသားတန်း တူအခွင့်အရေးရအောင် ထည့်သွင်းရေးဆွဲမယ်လို့ ဆိုပါတယ်။ လုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါ ရခိုင်ပြည်နယ်အတွင်းက ပြည်သူလူထုရဲ့သဘောထားနဲ့ တစ်နိုင်ငံလုံးကပြည်သူတွေရဲ့သလောထားတွေ ကိုလည်းရယူမယ်လို့ ဖော်ပြထားပါတယ်

။၁၉၈၂နိုင်ငံသားဥပဒေအပါအဝင် တခြားဖိနှိပ်တဲ့ဥပဒေတွေကို  ဖျက်သိမ်းပြင်ဆင် အသစ်ပြဋ္ဌာန်းတာတွေကို ဖွဲ့စည်းပုံအသစ်ရေးဆွဲပြီးတာနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံသားဥပဒေသစ်မှာ မြန်မာနိုင်ငံတွင်းမွေးဖွားခြင်း (သို့) ဘယ်နေရာကဖြစ်ဖြစ် မြန်မာနိုင်ငံသားမိဘတွေက မွေးဖွားသူဖြစ်ခြင်းကို နိုင်ငံသားအဖြစ်သတ်မှတ်ရာမှာ အခြေခံစေရမယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေနဲ့ လူမျိုးခြားတွေရဲ့ လူ့အခွင့်အရေးကိုချိုးဖောက်မှုဖြစ်စေတဲ့ နိုင်ငံသားစိစစ်ရေးကတ်လုပ်ဆောင် ခြင်းကိုပယ်ဖျက်သွားမယ် လို့လည်းဖော်ပြပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ နေရပ်ပြန်နေထိုင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေကို ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ပြီး အခြေအနေပေးတာနဲ့ မြန်မာနိုင်ငံမှာ ဂုဏ်သိက္ခာရှိလုံခြုံစွာနေထိုင်နိုင်ရေး လုပ်ဆောင်ပေမယ်လို့ NUG အစိုးရက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013