စစ်အာဏာရှင် မင်းအောင်လှိုင် CLMV ထိပ်သီးအစည်းအဝေးတက် (ဓာတ်ပုံ)

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ နိုဝင်ဘာ ၂၈ ရက် ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပတဲ့ (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးကို မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင် ပါဝင်တက်ရောက်နေပါတယ်။
ဒီအစည်းအဝေးမှာ အိမ်ရှင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ်၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ်တို့အပြင် အာဆီယံ အတွင်းရေးမှူးချုပ်နဲ့ CLMV အဖွဲ့ဝင်နိုင်ငံရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာပါ။
ဟနွိုင်းမြို့ရှိ National Convention Center မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးခဲ့တယ်လို့ စစ်အာဏာရှင်သမ္မတရုံး သတင်းနဲ့ ပြန်ကြားရေး ဗျူရိုက သတင်းထုတ်ပြန်ထားပေးမဲ့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ သတင်းမှာ အသေးစိတ် ဖော်ပြတာမရှိပါဘူး။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးနဲ့ (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးတွေ တက်ရောက်ဖို့ ဗီယက်နမ်မှာ မနေ့ကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒီနေ့မနက် ၉ နာရီမှာတော့ စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်နဲ့ သီးခြား တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နှစ်နိုင်ငံစလုံးက သတင်းထုတ်ပြန်ထား ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က စီရင်ချက် ချမှတ်ခံရပြီးနောက် စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်တာဖြစ်ပါတယ်။











