
တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် ၇ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ 7 EAO Alliance ရဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ဇွန် ၁၈ ရက်နေ့ ကျင်းပဖို့ ရှိပါတယ်။
အဲဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ 7 EAO Alliance ရဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့က စစ်အာဏာရှင် ဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ တွေ့ဆုံချိန် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်တင်ပြပြီး သဘောထားမှတ်ချက်ရယူမယ်လို့ အဲဒီအဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်ကပြောပါတယ်။
7 EAO Alliance ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့က အာဏာသိမ်း စစ်တပ်နဲ့ တွေ့ဆုံချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံးပြန်လွှတ်ပြီး အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ် ဖော်ဆောင်ဖို့အပါအဝင် အချက် ၉ ချက်ကို တင်ပြဆွေးနွေးခဲ့ပါတယ်။










