DVB Logo
Home
မြန်မာသတင်း
ချက်သမ္မတနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုထောက်ခံ
DVB
·
May 25, 2021
ချက်သမ္မတနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုထောက်ခံ
Donate to DVB

ချက်သမ္မတနိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကိုထောက်ခံကြောင်းနဲ့ အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုကြောင်း ချက်သမ္မတနိုင်ငံရဲ့ နိုင်ငံခြား​ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

မေလ ၂၄ ရက်နေ့က ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jakub Kulhanek နဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပြီး​နောက် ပြောကြားလိုက်တာပါ။

တွေ့ဆုံဆွေးနွေးရာမှာ ချက်သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီးက အာဏာသိမ်းစစ်ကောင်စီအား အသိအမှတ်မပြုကြောင်းနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်သူလူထုအား အကြမ်းဖက်ဖိနှိပ်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ အမျိုးသားညီညွတ်ရေးအစိုး NUG နဲ့ မြန်မာပြည်သူတို့ရဲ့ ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိရေး ရုန်းကန်လှုပ်ရှားမှုတွေကို ထောက်ခံကြောင်း ဆွေးနွေးခဲ့တယ်လို့ NUG နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း လက်ရှိ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ၊ ရန်ကုန် မန္တလေး စတဲ့မြို့အသီသီးမှာ အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်သူတွေကို အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ် ဖမ်းဆီးမှုတွေအပြင်  တိုင်းရင်းသားဒေသတွေမှာ စစ်ရေးအရ လေကြောင်းတိုက်ခိုက်မှုအပါအဝင် သာလွန်အင်အားသုံး တိုက်ခိုက်မှုတွေနဲ့ ဒီနောက်ဆက်တွဲဖြစ်ပေါ်နေတဲ့ လူမှု စီးပွား ဆိုင်ရာအခြေအနေတွေအပြင်  လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီ လိုအပ်ချက်တွေကို  ပြန်လည်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

ဒီလိုတွေ့ဆုံရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) အစိုးရရဲ့ ချက်သမ္မတ နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဆက်ဆံရေးအရာရှိ  ဦးလင်းသန့်လည်း တက်ရောက်ခဲ့ပါတယ်။

NUG အစိုးရရဲ့  ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာ ကိုယ်စားလှယ် ဦးလင်းသန့်ကို ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး မစ္စတာ မာကျင်တလာပါက တရားဝင် လက်ခံအသိအမှတ်ပြု ဂုဏ်ယူကြောင်းလည်း မေလ ၂၄ ရက်က ထုတ်ပြန်ကြေညာထားပါတယ်။

ချက်သမ္မတနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်တစိုက်အားပေးထောက်ခံခဲ့တဲ့ နိုင်ငံဖြစ်ပြီး  မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာစသိမ်းတဲ့နေ့တည်းက စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ ပြတ်ပြတ်သားသားရှုတ်ချထားတဲ့ နိုင်ငံဖြစ်ပါတယ်။

ဒါ့အပြင်  တရားဝင် ရွေးကောက်တင်မြှောက်ခံရတဲ့ ခေါင်းဆောင်တွေကို ထောက်ခံကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အား လေးစားဖို့တောင်းဆိုကြောင်း၊ မတရား ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီခံထားရသူအားလုံးအား ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုကြောင်းလည်း  ချက်သမ္မတနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013