
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်၊ ရွှေပြည်သာမြို့မှာ လုယက်တာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်တွေ နေရာအနှံ့ တပ်စွဲကင်းလှည့်နေတဲ့ကြားက လက်နက်နဲ့ လုယက်တာတွေ ဖြစ်လာနေတာပါ။
မေ ၂၂ ရက်နေ့က ရွှေပြည်သာကွေ့ မှတ်တိုင်နားမှာ ဓားထောက် လုယက်မှုဖြစ်ခဲ့ပြီး ဆိုင်ကယ်နဲ့ ဖုန်းနှစ်လုံး ပါသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
အုတ်ဖို မှတ်တိုင်နားမှာလည်း မနေ့ မနက်ပိုင်းက ဆိုင်ကယ် ၃ စီးနဲ့ လူ ၇ ယောက်ပါတဲ့ အဖွဲ့တဖွဲ့က ဆိုင်ကယ်စီးလာသူတယောက်ဆီက လုယက်ခဲ့ပါတယ်။
“ဘာမှမပြောဘဲ ဆိုင်ကယ်တစီးက ရှေ့ကနေ ထိုးရပ်လိုက်တယ်။ နောက်ပြီး ဆိုင်ကယ်ပေါ်ကဆင်းတဲ့၊ ကျနော့်ကို ညှပ်ထားပြီး ဓားနဲ့ပါထောက်ထားတယ်။ ပြီးတာနဲ့ ရွှေပြည်သာ ကန်သာယာ စက်မှုဇုန်ဘက်ကို ခေါ်သွားပြီး ဟန်ဂျင်းနှစ်လမ်းကျော်လောက်မှာ ရပ်လိုက်ပြီး လူကိုလည်း ရိုက်နှက်ထိုးကြိတ်တယ်။ ဆိုင်ကယ်၊ ဦးထုပ်၊ ပိုက်ဆံ ၅ သောင်း၊ ဖုန်း ၂ လုံး၊ နာရီနဲ့ air pod နားကြပ်ကိုလုယူခံခဲ့ရပါတယ်” လို့ လုယူခံရသူက ပြောပါတယ်။
ရဲကို တိုင်ရင်လည်း ထူးမှာမဟုတ်တာကြောင့် မတိုင်ဘူးလို့ သူက ပြောပါတယ်။
“ရွှေပြည်သာမြို့ထဲမှာ စစ်သားတွေ နေရာတော်တော်များများ တပ်စွဲထားပြီးနောက်ပိုင်း ပိုတောင်ဆိုးလာသေးတယ်။ စစ်တပ်က ကာကွယ်တာမျိုးမဟုတ်ဘဲ အားပေးအားမြှောက် လုပ်နေသလား မှတ်ရတယ်။”