DVB Logo
Home
မြန်မာသတင်း
ကန်ပက်လက်ရဲတပ်ဖွဲ့ဝင် ၁၂ ဦး CDM လုပ်ပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်နှင့်ပူးပေါင်း
DVB
·
May 22, 2021
ကန်ပက်လက်ရဲတပ်ဖွဲ့ဝင် ၁၂ ဦး CDM လုပ်ပြီး ချင်းပြည်သူ့ကာကွယ်ရေးတပ်နှင့်ပူးပေါင်း
Donate to DVB

ချင်းပြည်နယ် မင်းတပ်ခရိုင် ကန်ပက်လက်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၁၂ ဦးဟာ အာဏာဖီဆန်ရေး (CDM) မှာ ပါဝင်ပြီး ကန်ပက်လက်က ချင်းပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပူးပေါင်းလာကြပါတယ်။ 

အဆိုပါ  ရဲဝန်ထမ်း ၁၂ ဦးမှာ ရဲတပ်ကြပ်ကြီး ဆာန်ခေါမန်၊ ရဲဒုတပ်ကြပ် ဘူချွန်း ၊ ရဲဒုတပ်ကြပ် လိန်းထန်း နဲ့ ရဲတပ်သား လိန်းဟုန်း၊ မာန်အွမ်၊ ကောက်ထန်း၊ ရွှီအွမ်၊ မာန်ထုံလိန်း၊ မာန်နိုင်း၊ ထွန်းဝင်း၊ ဇာနည်ကျော်၊ ထန်းပိုင် တို့ ပါဝင်ပါတယ်။

သူတို့တွေဟာ ပြည်သူတွေပေါ်အကြမ်းဖက်နေတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ရဲဝန်ထ မ်းတွေ စောင့်ထိန်းရမယ့် ကျင့်ဝတ်၊ တာဝန်နဲ့ ဝတ္တရားတွေကို မျက်ကွယ်ပြုပြီး လုံးဝတာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက် ပြည်သူ့အစိုးရ အာဏာပြန်ရတဲ့အထိ အဆုံးတိုင် CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ပြည်သူ့ဘက်က ရပ်တည်သွားမယ့်အကြောင်း ကန်ပက်လက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို စာတင်ပြီး မေ - ၁၅ နဲ့ ၁၆ ရက်နေ့တွေမှာ ပူးပေါင်းပါဝင်လာကြတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့က ချင်းတိုင်းရင်းသားအများစုပါ၊ တချို့က ဒီလဆန်းပိုင်းကတည်းက အလုပ်မဆင်းဘဲ CDM လုပ်နေသူတွေ လည်း ပါပါတယ်။ သူတို့ပြောတာက ပြည်သူတွေဘက်ကို သေနတ်ပြောင်းလှည့်ပြီး လုံးဝမပစ်နိုင်တော့လို့  ဒီလိုလုပ်ရတာပေါ့နော်၊ သူတို့ရဲစခန်းကို စာတင်ပြီးတာနဲ့ အားလုံး ကျနော်တို့နဲ့ လာနေတယ်၊ အခုတောတွင်းတနေရာမှာရောက်နေတယ်၊  ကန်ပက်လက်ရဲစခန်းမှာတော့ ဘယ်ကမှန်းမသိတဲ့ ရဲတပ်ဖွဲ့အင်အားတွေဖြည့်ထားတယ်။” 

ကန်ပက်လက်ပြည်သူတွေဟာ စစ်ကောင်စီကို ယခင်က ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြရာက ဒီလဆန်းပိုင်းမှာ သပိတ်စစ်ကြောင်း ဖြိုခွင်းခံခဲ့ရပါတယ်။ 

ဒါကြောင့်  ချင်းပြည်သူ့ကာကွယ်ရေးတပ် CDF က သူတို့မှာရှိတဲ့ တူမီးသေနတ်၊ ဒူးလေးတွေ၊ မြားတွေ နဲ့ ပြန်လည်ပစ်ခတ်တုံ့ပြန်ခဲ့ပါတယ်။ 

မေလ ၁၄၊ ၁၅၊ ၁၆ နေ့ရက်တွေမှာ CDF က ကန်ပက်လက်မြို့မရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ရဲဝန်ထမ်းတချို့ ဒဏ်ရာရသွားကြောင်း၊ အဲဒီနောက် ရဲနဲ့ စစ်တပ်က ကန်ပက်လက်မြို့အနှံ့မှာ စောင့်ကြပ်နေသလို စစ်တပ်လေယာဉ်ကလည်း ကောင်းကင်မှာ လာဝဲ နေတာကြောင့် မြို့ကိုဗုံးကြဲခံရမှာစိုးလို့ CDF အဖွဲ့ဝင်တွေက နောက်ဆုတ်ထားပါတယ်။ 

ကန်ပက်လက်ပြည်သူတွေကလည်း လေယာဉ်လာတော့ စိုးရိမ်ထိတ်လန့်ပြီး တောတောင်တွေထဲ ဝင်ပုန်းခိုနေရာမှာ စားနပ်ရိက္ခာအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ 

အခြေအနေအရ ခုလိုဆုတ်ခွာနေရပေမယ့် ကန်ပက်လက်ကို ပြည်သူ့လက်ထဲပြန်ရောက်အောင် ပြန်သိမ်းနိုင်ဖို့ ရတဲ့နည်းနဲ့ ကြိုးပမ်းသွားမယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013