
လာမဲ့သီတင်းပတ်မှာ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီမှာ ကျင်းပမဲ့ ဆွေးနွေးပွဲတွေအတွက် လက်ဘနွန်အရာရှိတွေနဲ့ တွေ့ချိန်မှာ ဟစ်ဇ်ဘိုလာနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးမှာ မဟုတ်ဘူးလို့ အစ္စရေးက ပြောလိုက်ပါတယ်။
အစ္စရေးတပ်တွေက လက်ဘနွန်တောင်ပိုင်းကို လူသေတဲ့အထိ နောက်တကျော့ စတင် တိုက်ခိုက်နေချိန် စနေနေ့မှာ အရေးပေါ်ဝန်ထမ်း ၃ ယောက် အပါအဝင် လူ ၁၀ ယောက် ထက်မနည်းဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့တယ်လို့ လက်ဘနွန် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။
လက်ဘနွန်တောင်ပိုင်းက နေရာတဒါဇင်ကျော်ကို အစ္စရေးက စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ လက်ဘနွန် နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။
စနေနေ့က နောက်ဆုံးတိုက်ပွဲအပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် လူ အယောက် ၂၀၂၀ သေဆုံးပြီး ၆၄၃၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုတွေ ဆက်ဖြစ်နေချိန်မှာ ဒေသအတော်များများမှာ ထိခိုက်သေဆုံးမှုတွေကို မှတ်တမ်းတင်ထားတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
စနေနေ့မှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အစ္စရေးတပ်ဖွဲ့တွေဟာ ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေနဲ့ အနီးကပ်ပစ်ခတ်ခဲ့ပြီး ပစ်မှတ်များစွာကို တိုက်ခိုက်ခဲ့တယ်၊
စစ်သွေးကြွအများအပြားကို သတ်ဖြတ်ခဲ့ပြီး လက်နက်အမျိုးမျိုးကို သိမ်းဆည်းခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း IDF က လက်ဘနွန်နိုင်ငံအတွင်း ဟစ်ဇ်ဘိုလာနေရာ ၂၀၀ ကျော်ကို ပစ်မှတ်ထားခဲ့တာပါ။
အစ္စရေးကို တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ ဟစ်ဇ်ဘိုလာ ဒုံးပစ်စင်တွေကို ဆက်ပြီးပစ်မှတ်ထားခဲ့ပါတယ်။
ဒါ့အပြင် IDF ရဲ့ ပြည်တွင်းတပ်ဦးကွပ်ကဲမှုဌာနက အများပြည်သူဘေးကင်းရေး လမ်းညွှန်ချက်တွေကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့ပြီး နယ်စပ်ရပ်ရွာတွေ၊ အထက်ဂါလီလီနဲ့ ဟိုင်ဖာပင်လယ်အော်တို့မှာ ပညာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်ဆိုင်း၊ ကန့်သတ်တဲ့အပြင် အဲဒီဒေသတွေမှာ လူစုလူဝေး အရွယ်အစားတွေကိုပါ ကန့်သတ် ခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာ စစ်ဆင်ရေးတွေ ဆက်လုပ်နေပြီး အစ္စရေးတင့်ကားတွေနဲ့ ဝန်ထမ်းတွေကို တိုက်ခိုက်နေတယ်လို့ ဟစ်ဇ်ဘိုလာက သူ့ကြေညာချက်ထဲမှာ ပြောပါတယ်။
ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးမြောက်ပိုင်းက အစ္စရေးစစ်ဘက် အခြေခံအဆောက်အအုံတွေ၊ စစ်သားတွေနဲ့ ယာဉ်တွေကို လည်း ပစ်မှတ်ထားခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မတ် ၂ ရက်မှာ လက်ဘနွန်တောင်ပိုင်းကနေ အစ္စရေးဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အပြန်အလှန်ပစ်ခတ်မှုနောက်ပိုင်းမှာ အစ္စရေးက လက်ဘနွန် တဝန်း စစ်ရေးလှုပ်ရှားမှုကို တိုးချဲ့ခဲ့ပါတယ်။
Source: Reuters










