
ချင်းပြည်နယ်၊ မင်းတပ်မြို့ထဲမှာ အကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်တွေက အပြင် ထွက်လာတဲ့ပြည်သူမှန်သမျှကို ပစ်ခတ်ဖမ်းဆီးနေသလို တစ်အိမ်တက်ဆင်း ဧည့်စာရင်းစစ်ဆေးကာ အမျိုးသားမှန်သမျှကို ဖမ်းဆီးနေတာကြောင့် ရှောင်ပုန်းနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မင်းတပ်ပြည်သူ့ ကာကွယ်ရေးတပ်အနေနဲ့ တူမီးသေနတ်ကိုင်ပြီး မင်းတပ်မြို့ကို ခုခံကာကွယ်နေတာ ၄ ရက်မြောက်တဲ့နေ့မှာတော့ စစ်ကောင်စီက လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြေပြင်သာလွန်အင်အားနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် လူထုအထိနာမှာစိုးရိမ်ကာ ရှောင်ပေးခဲ့တာဖြစ်တယ်လို့ CDF တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
အကြမ်းဖက်တပ်တွေက မင်းတပ်မြို့ထဲက လူနေအိမ်တွေ ဘုရားစေတီတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသလို မြို့အနောက်ဘက် ဝင်လာတဲ့ စစ်ကောင်စီတပ်တွေက ဖမ်းမိထားတဲ့ပြည်သူတွေကို လူသားဒိုင်းကာရံပြီး တက်လာတာကြောင့် ခုခံပစ်ခတ်တာကို ရပ်တန့်ပေးလိုက်ပြီး ဆုတ်ခွါပေးလိုက်ရတယ်လို့ လည်း ပြောပါတယ်။
CDF တာဝန်ရှိသူ ကိုမာန်အွမ်က “တစ်ကယ်စစ်အာဏာရှင်လက်အောက်မှာ မနေချင်တာမှန်ရင် ချွေးသွေးတော့ရင်းရမှာပဲ။ တရားသောစစ်ပွဲကို နွှဲဖို့အတွက် လက်နက်ကိုင်သင့်ရင် ကိုင်ရမှာပဲ။ ရွေးပြီးသွားရင် နောက်မဆုတ်ရဘူး။ သံယောဇဉ်တွေဖြတ်ရမယ်။ စစ်အာဏာရှင်ကိုတိုက်ဖို့ အတူတူအုံကြွဖို့လိုတယ်။ စာရွက်တွေပေါ်မှာပဲ အဖွဲ့အစည်း ဖွဲ့စည်းကြောင်းဆိုပြီး အသံကောင်းဟစ်နေလို့မရဘူး။ လက်တွေ့လုပ်ပြဖို့လိုတယ်” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဗျူဟာကျကျဆောင်ရွက်ဖို့ အချိန်တန်ပြီဖြစ်သလို မြို့နယ်အသီးသီးမှာ ဖွဲ့စည်းပြီးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို အမြန်ဆုံးလက်နက်တပ်ဆင်ပေးဖို့တာဝန်ရှိနေပြီလို့ လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မင်းတပ်မြို့ထဲမှာရှိတဲ့ ၂၇၄ တပ်ရင်းထဲကို ရဟတ်ယာဉ်နဲ့ စစ်အင်အား ၅၀၀ ထက်မနည်းကို ဖြည့်တင်းပြီး မင်းတပ်မြို့ကို စိုးမိုးထားနိုင်သလောက်ဖြစ်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၄ ရက်က ကျောက်ထုဘက်ကတက်လာတဲ့ စစ်ကား ၆ စီးကို မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စက်လက်နက်တွေနဲ့ ရိက္ခာတွေကို သိမ်းဆည်းကာ မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးပစ်ခဲ့ပါတယ်။
ဆွေးနွေးမှုပျက်သွားပြီးနောက်ပိုင်း မေလ ၁၂ ရက်မှ မေလ ၁၅ ရက်အထိ မင်းတပ်ဒေသခံတွေနဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်လာခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက် ၂၀ ထက်မနည်းသေဆုံးခဲ့သလို မင်းတပ်ဒေသခံတွေဘက်က ၄ ယောက်သေဆုံးထားပါတယ်။