DVB Logo
Home
မြန်မာသတင်း
“အိမ်ပြန်လာဦးမလား မျှော်နေမိတယ်” မမြသွဲ့သွဲ့ခိုင်၏ မိသားစု
DVB
·
May 10, 2021
“အိမ်ပြန်လာဦးမလား မျှော်နေမိတယ်” မမြသွဲ့သွဲ့ခိုင်၏ မိသားစု
Donate to DVB

စစ်အာဏာရှင် ဆန့်ကျင်တဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ ပထမဦးဆုံး ကျဆုံးခဲ့ရသူ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်သွားခဲ့တာ ၃ လလောက်ရှိပြီဖြစ်ပေမယ့် သူ အိမ်ပြန်လာဦးမလားဆိုပြီး မျှော်နေမိတုန်းပဲလို့ မမြသွဲ့သွဲ့ခိုင်ရဲ့ အစ်မ မမြသတိုးနွယ်က ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပစ်ခတ်မှုကြောင့် ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရပြီး ဖေဖော်ဝါရီ ၁၉ ရက်မှာ ကျဆုံးခဲ့တဲ့ အသက် ၂၀အရွယ် မိန်းကလေးငယ် ဖြစ်ပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်တဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာ ပထမဦးဆုံး ကျဆုံးခဲ့ရသူလည်း ဖြစ်ပြီး အခု မေ ၉ ရက်ဟာ မမြသွဲ့သွဲ့ခိုင် သေနတ်နဲ့ပစ်ခတ်ခံရတာ သုံးလပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

 “အမေကတော့ သားသမီးဆိုတော့ စိတ်စွဲတာတော့ ရှိတာပေါ့။ တိုက်ဆိုင်မှုရှိရင် တအား သတိရတယ်။ အလုပ်သွားနေတာလား။ ပြန်လာမလား မျှော်နေမိတာတွေ ရှိတယ်။ ပြန်ပြောရင်တော့ အသစ်တွေပေါ့ရှင်။ ဘာပဲဖြစ်ဖြစ် ပြန်မှ မလာနိုင်တော့တာပဲ” လို့ မမြသတိုးနွယ်က ပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်တို့မိသားစုဟာ တော်လှန်ရေးကို ဆက်လုပ်ချင်ပေမဲ့ ဒလန်တွေကြားမှာ နေထိုင်နေရလို့ ကိုယ်တိုင်ဘာမှ မလုပ်နိုင်ဘဲ လူငယ်တွေ တော်လှန်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်နေတာကို အပြည့်အဝထောက်ခံတယ်လို့  မမြသတိုးနွယ်က ပြော ပါတယ်။ 

 “တော်လှန်ရေးကိုဆက်လုပ်ချင်တာပေါ့။ ဒါပေမဲ့ ဒီဘက်မှာက သွားရလာရတာ လုပ်ရကိုင်ရတာ အဆင်မပြေဘူး။ ထွက်ချင်တဲ့ စိတ်ဆန္ဒရှိပေမဲ့ ငြိမ်နေရတယ်။ ကျမတို့ဘက်မှာ ဒလန်တွေက လည်း ပေါတယ်။ လူငယ်တွေ အခုလုပ်နေကြတာတွေကို အားရပါတယ်။ အိမ်ထဲမှာ ငြိမ်နေရတဲ့ ကိုယ့်အဖြစ်ကိုလည်း ရှက်ပါတယ်”

စစ်အာဏာသိမ်းပြီးနောက် သုံးလအတွင်း နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ပြည်သူ ၈၀၀ နီးပါးရှိလာပါပြီ။

ကျဆုံးသွားတဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီးလည်း မမြသတိုးနွယ်က “ပြည်သူလူထု အားလုံး ပြောတဲ့အသံတွေ ကြားနေရမှာပါ။ ကျမတို့နောက်မှာ ဖြစ်သွားတဲ့ ကလေးတွေ မောင်နှမတွေထက်စာရင် ကျမတို့က တော်ပါသေးတယ်။ သူတို့ ကလေးတွေဆို အလောင်းပြန်မရတာတို့ ဘာဖြစ်တာတို့ ညာဖြစ်တာတို့ ကြားရပါတယ်။ ကျမတို့ထက်တောင် ပိုပြီး ဆိုးဆိုးရွားရွား ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်”လို့ ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ မိသားစုချင်း ကိုယ်ချင်းစာစေချင်ကြောင်းနဲ့ ရှေ့ဆက်ပြီး သားသမီးချင်း ကိုယ်ချင်းစာစိတ် ထားစေချင်တယ်လို့ မမြသတိုးနွယ်က ဆက်ပြောပါတယ်။

“ကျမတို့အနေနဲ့ သူတို့သားသမီးတွေဆိုရင်ရောဆိုတဲ့ အတွေးမျိုးဝင်မိလား။ မဝင်မိလို့လည်း ဒီလိုမျိုးတွေ လုပ်တာပါလေ။ ပြောနေလို့လည်း နားလည်မှာ မဟုတ်ပါဘူး။ မိသားစုအားလုံးကတော့ သတိရနေတာပေါ့။ သူတို့တွေ ကျမတို့ပြည်သူတွေလို မခံစားရပါစေနဲ့လို့ ကျိန်ဆဲချင်တယ်”

မမြသွဲ့သွဲ့ခိုင်ဟာ ကျည်အစစ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး အပစ်ခံရတဲ့ ဖေဖော်ဝါရီ ၉ ရက်မှာပဲ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ ဦးနှောက်သေဆုံးသွားခဲ့တာပါ။ နောက်ပိုင်းရက်တွေကိုတော့ အသက်ရှူစက်နဲ့ ဆက်လက်ကုသခဲ့ပေမဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုကတော့ မမြသွဲ့သွဲ့ခိုင် သေဆုံးမှုနဲ့ပတ်သက်ပြီး သူတို့ရဲ့လက်ချက်လို့ ဝန်ခံခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013