DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူ ၁၃ ဦးခန့်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထား
DVB
·
May 10, 2021
မသန်စွမ်းသူ ၁၃ ဦးခန့်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထား
Donate to DVB

မြန်မာတစ်နိုင်ငံလုံးမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းသူ ၁၃ ယောက်ထက်မနည်း ဖမ်းဆီးခံထားရပြီး ဥပဒေအကာအကွယ် ခံစားခွင့်မရကြဘူးလို့ မသန်စွမ်းအရေး ဆောင်ရွက်နေတဲ့ ရွှေမင်းသားဖောင်ဒေးရှင်းက အတည်ပြုပါတယ်။

ဖမ်းဆီးခံထားရတဲ့ မသန်စွမ်းတွေ အကုန်လုံးဟာ အာမခံမရသလို ရှေ့နေတွေ ငှားရမ်းပြီး လျှောက်လဲခွင့်၊ ခုခံချေပခွင့်တွေလည်း မရတဲ့အတွက် မိသားစုတွေက စိုးရိမ်နေကြပါတယ်။ ၂၀၁၅ မသန်စွမ်းသူများရဲ့ အခွင့်အရေးဥပဒေအရ တရားရုံးတွေနဲ့ အချုပ်တွေမှာ မသန်စွမ်းတွေအတွက် လိုအပ်ချက်တွေကို စီစဉ်ပေးဖို့နဲ့ ခုခံပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို အကြမ်းဖက်စစ်ကောင်စီက ချိုးဖောက်နေတယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဦးမြတ်သူဝင်းကပြောပါတယ်။

မြန်မာနိုင်ငံဟာ UNCRPD ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကို ချုပ်ဆိုထားပေမယ့် အကြမ်းဖက်စစ်ကောင်စီက သဘောတူစာချုပ်ပါအချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်ပါတယ်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မနေ့မွန်းလွဲပိုင်းက မန္တလေးသံဃသမဂ္ဂစစ်ကြောင်းမှာ အမြဲလိုက်ပါခဲ့သူ မသန်စွမ်းတစ်ဦးဖြစ်တဲ့ စိုင်းလှမင်းကို  သပိတ်လူစုခွဲအပြီးမှာ ရဲနဲ့ စစ်တပ်က ဖမ်းဆီးသွားပါတယ်။

ရန်ကုန်မြို့ မြောက်ဥက္ကလာမှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ဉာဏ်ရည်နဲ့ကိုယ်လက်အင်္ဂါမ သန်စွမ်းသူတစ်ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးပြီး အာမခံမပေးတဲ့အတွက် မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး စစ်ကောင်စီက တိုက်ရိုက်ထိန်းချုပ်တဲ့ နယ်မြေဖြစ်တဲ့အတွက် အဲ့ဒီမသန်စွမ်းသူကို အကူအညီပေးဖို့ ခက်ခဲနေတယ်လို့ အကူအညီပေးနေတဲ့ ရန်ကုန်အခြေစိုက်ရှေ့နေတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ UNCRPD ကုလသမဂ္ဂမသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ကို မလိုက်နာသလို ၂၀၁၅ မသန်စွမ်းသူများရဲ့အခွင့်အရေးဥပဒေကိုလည်း ချိုးဖောက်နေတာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီက သာမန်အရပ်သားပြည်သူတွေကို  အကြမ်းဖက်နှိပ်စက်နေရုံမက   မသန်စွမ်းသူတွေကိုပါ အနိုင်ကျင့်ဖမ်းဆီးနေတာဟာ လူ့အသိုင်းအဝိုင်းအတွက် လက်ခံနိုင်စရာ မရှိဘူးလို့ မသန်စွမ်းအရေး ဆောင်ရွက်သူတွေကပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013