DVB Logo
Home
Lead Story
ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လေ့လာအတုယူကြ
DVB
·
May 9, 2021
ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို လေ့လာအတုယူကြ
Donate to DVB

ဧပြီလ ၄ ရက်နေ့က ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ကို တရားဝင်ဖွဲ့စည်းခဲ့ပါတယ်။ ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ (Chinland Defence Forece-CDF) ကို မတူပီ၊ ဟားခါး၊ မင်းတပ် စတဲ့ ချင်းမြို့နယ် ၉ မြို့နယ်မှာ ချင်းအတိုင်ပင်ခံကောင်စီရဲ့ ကြီးကြပ်ညှိနှိုင်းမှုအောက်မှာ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ CDF မှာ ချင်းအဖွဲ့အစည်း ၅ ဖွဲ့ ပါဝင်ထားပါတယ်။ ချင်းပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defence Force)၊ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) ၊ ဇိုမီးအမျိုးသားကောင်စီ (Zoemee National Council) နှင့် ကူကီးအမျိုးသားအဖွဲ့ချုပ် (Kukee Natioanl League) တို့ ဖြစ်ကြပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာတော့ CDF အဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ကြေညာချက်ထဲမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံကို ထူထောင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုအဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်နဲ့ ပစ်ခတ်သတ်ဖြတ်ဖြိုခွဲနေမှုတွေကို ချက်ချင်း ရပ်တန့်ပစ်ရမည်ဖြစ်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ပြည်သူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့  တောင်းဆိုကြောင်းတွေ ပါဝင်ခဲ့ပါတယ်။

CDF အဖွဲ့ကို အမြဲတမ်းလက်နက်ကိုင်အဖွဲ့အဖြစ် ဖွဲ့စည်းထားတာမဟုတ်ဘဲ အရေးအကြောင်းရှိရင် ရရာလက်နက် ဆွဲကိုင်ပြီး လူထုကို အကာအကွယ်ပေးတဲ့ အရပ်သားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပါတယ်။ ရရာလက်နက်ဆိုရာမှာလည်း အများစုကတော့ တူမီးသေနတ်တွေ၊ ဒူးလေးတွေဖြစ်ပြီး တစ်လုံးထိုးသေနတ် အနည်းအပါးသာ ကိုင်ဆောင်နိုင်ကြပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်ပြင်းထန် ညီညွတ်မှုရှိတဲ့အတွက် စိတ်ဓာတ်ပျက်နေတဲ့ စစ်ကောင်စီတပ်တွေရန်ကို ကာကွယ်နိုင်ရုံမက ထိထိရောက်ရောက် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ကြပါတယ်။ 

ချင်းလူငယ်တွေ ဦးဆောင်တဲ့ ‘တဟန်း’ သပိတ်စစ်ကြောင်းကို စစ် ကောင်စီရဲ့ တပ်ဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲခဲ့ရာမှာ ဇိုမီးအမျိုးသားအဖွဲ့ချုပ်ပါ ဝင်ရောက်ကူညီတိုက်ခိုက်ပေးခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၈ ယောက်အထိ ချေမှုန်းတိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ မိမိတို့ဘက်ကတော့ ‘ထန်ကောလျန်’ ဆိုတဲ့ ချင်း အမျိုးသားတစ်ဦး ကျဆုံးပြီး လူငယ် ၃ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ချင်းပြည်နယ် တပြည်လုံးအနေနဲ့ မတူပီမြို့မှာ ဝရမ်းထုတ်ခံရသူ ၆ ဦး၊ ဖမ်းဆီးခံရသူ ၆ ဦးရှိပြီး မင်းတပ်မြို့မှာတော့ အဖမ်းခံရသူ ၇ ဦး ရှိတယ်လို့ သိရပါတယ်။

မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဂန္ထဝင်စံတင်လောက်တဲ့ ခုခံကာကွယ်ရေးတိုက်ပွဲကို ဆင်နွှဲနေကြပါတယ်။ ဧပြီလ ၂၄ ရက်နေ့ကစခဲ့တဲ့ တိုက်ပွဲဟာ ဒီနေ့အထိ (မေလဆန်းအထိ) မပြီးဆုံးသေးပါဘူး။ မင်းတပ်မြို့ရဲ့ပထဝီ အနေအထားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မင်းတပ်မြို့ဟာ ပထဝီရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်ပေါ်မှာ တောင် မြောက် ၂ မိုင်ခန့် ရှည်တဲ့ တောင်ကြောပေါ်မှာ အလျားလိုက် ရှိပါတယ်။ တောင်ပေါ်လမ်းဆိုတော့ လမ်းကြောင်းကလည်း တစ်ကြောင်းပဲရှိပါတယ်။

၂၄ ရက်နေ့ညက ဖမ်းဆီးထားတဲ့ ကျောင်းသားတွေ လွှတ်ပေးဖို့ လူထုက ရဲစခန်းကို ဝိုင်းထားရင်း တိုက်ပွဲ စဖြစ်ပါတယ်။ ဒီလိုတိုက်ပွဲဖြစ်နေစဉ် မုံရွာက စစ်ကူတက်လာတဲ့တပ်ဖွဲ့ကို တောင်ဘက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လမ်းဖြတ်တိုက်ခိုက်လိုက်လို့ ရှေ့ဆက်မတက်နိုင်တော့ပါဘူး။ မြောက်ဘက်မတူပီက ဆင်းလာတဲ့ စစ်ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတွေက မိုင်းထောင်တိုက်ခိုက်လိုက်လို့ စစ်သား ၁၅ ယောက်လောက် သေပြီး လိုက်လာတဲ့ သံချပ်ကာကားလည်း ချိန်းကြိုးပြတ်ပြီး ရပ်သွားပါတော့တယ်။ ဒီမှာတင် မြို့ထဲဝင်ခွင့်ရဖို့ စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ညှိနှိုင်းရပါတော့တယ်။ ဒီလိုညှိနှိုင်းချက်အရ မေလ ၂ ရက်နေ့က ဖမ်းထားတဲ့ ကျောင်းသားလူငယ် ၇ ဦးကို လွှတ်ပေးလိုက်ရပါပြီ။ ပိတ်မိနေတဲ့ စစ်ကားထဲမှာ ဗျူဟာမှူးပါနေလို့ ဒု-တိုင်းမှူးကိုယ်တိုင် ဆင်းလာရတယ်လို့လည်း ဆိုကြပါတယ်။ လူငယ်တွေ လွှတ်ပေးရင် စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းဖွင့်ပေးမယ်။ ဒါပေမဲ့ ဖမ်းဆီးရိုက်နှက်ပစ်ခတ်တာ မလုပ်ရဘူးလို့ သဘောတူခဲ့ကြပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ အောင်ပွဲကြီးရလိုက်တာပါပဲ။

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို ရဲရင့်ညီညွတ်မှုရှိရင် တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းတိုက်ခိုက် အောင်ပွဲရနိုင်ပါတယ်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ဟာ NUG အစိုးရအဖွဲ့ မျှော်မှန်းတဲ့ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းရေးရဲ့ အမြုတေစံနမူနာဖြစ်ပါတယ်။ တပြည်လုံးမှာရှိတဲ့ စစ်အာဏာရှင်စနစ်ကို မြေမြှုပ်ပစ်မယ့်  ပြည်သူတရပ်လုံးအနေနဲ့ လေ့လာအတုယူကြရပါလိမ့်မယ်။

CDF ကို အတုယူလေ့လာကြ။

အရေးတော်ပုံ အောင်ရမည်။

မင်းရဲကျော်စွာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013