DVB Logo
Home
မြန်မာသတင်း
အလုံ၊ မိုးကောင်းသစ်ဆိပ်ဝင်းကို စစ်တပ်ပိုင် (MEC) က ဖြိုဖျက်ရန်သတိပေး၊  ဒေသခံများ အခက်ကြုံ
ဟန်န
·
March 18, 2026
Photo: DVB
Photo: DVB
Donate to DVB

ရန်ကုန်၊ အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက် မိုးကောင်းသစ်ဆိပ်ဝင်းကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ဖြိုဖျက်ဖို့ နို့တစ်စာပေးထားတာကြောင့် အစားထိုးနေရာ ပြန်ရလိုတဲ့ ဒေသခံတွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားနေပါတယ်။

အလုံမြို့နယ် ကမ်းနားလမ်း အဝင်ထွက်ပေါက်တည့်တည့်က အမှတ် ၂ သစ်စက်နောက်ကျောမှာ အရင်က ဒီရေတောမြေကို မြေဖို့ပြီး နေထိုင်ခဲ့ကြတဲ့ ပြည်သူတွေရဲ့ အိမ်ခြေ ၅၀၀ ကျော် ရှိခဲ့ပါတယ်။

နှစ် ၇၀ ကျော် သက်တမ်းရှိခဲ့တဲ့ လူနေရပ်ကွက်ကြီးကို စစ်တပ်ပိုင် အဓိကစီးပွားရေး လုပ်ငန်းကြီးဖြစ်တဲ့ MEC က မတ်  ၁၈ ရက် ဒီနေ့ အပြီးဖျက်ပေးဖို့ နို့တစ်စာပေးထားတာကြောင့် ရပ်ကွက်နေပြည်သူတွေ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

အိမ်ဖျက်ပေးရမဲ့ ရပ်ကွက်နေပြည်သူတယောက်က “အခုတော့ မစားနိုင်မသောက်နိုင်ပေါ့။ ပြောင်းစရာလည်း မြေမရှိ၊ အိမ်မရှိနဲ့ပေါ့။ ငွေကမရှိတော့ ပိုဆိုးတာပေါ့။ အိမ်ကိစ္စက အဲ့မှာ ဖြစ်ပျက်နေတာတွေ၊ ပြောနေတာတွေကြားတော့ ပိုဆိုးတာပေါ့။ သူများတွေက ပြောင်း၊ ဟိုမှာကျတော့လည်း အခွင့်အရေးကမရ၊ ဘယ်လိုလုပ်မလဲ။ အခွင့်အရေးရလို့ရှိရင်လည်း နည်းနည်းပါးပါး ရောင်းချ ပေါင်နှံပြီးတော့ အရင်းနှီးလေး ဘာလေး လုပ်လို့ရရင် ရဦးမယ်။ အခုတော့ ဘာမှ ဘာအခွင့်အရေးမှ မပေးတဲ့အတွက် ဘယ်လိုပြောင်းလို့ဖြစ်မလဲ” လို့ ပြောပါတယ်။

မြန်မာ့သစ်တောဖုံးလွှမ်းတဲ့ဧရိယာ ၇၀ ရာခိုင်နှုန်းရှိခဲ့တဲ့ သစ်လုပ်ငန်းခေတ်ကောင်းတဲ့အချိန်က ပြည်ပပို့ သစ်လုံးတွေကို ခွဲစိတ်၊ ဖြတ်တောက်၊ ပါကင်ထုပ်ပိုးတဲ့ စက်ရုံကြီးဖြစ်တဲ့ အမှတ် - ၂ သစ်စက်ကြီးက ရန်ကုန်မြစ်ဘေးမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

၁၉၅၄ ခုနှစ်မှာတော့ အဲဒီစက်ရုံက နေစရာအခက်အခဲရှိတဲ့ ပင်စင်စားဝန်ထမ်းတွေနဲ့ ဝန်ထမ်းတွေဟာ စက်ရုံနောက်ကျောက ဒီရေတောကို မြေဖို့ပြီး အိမ်ဆောက်နေကြရင်းနဲ့ ပညာရေးဝန်ကြီးဌာနက အမက ၇ မူလတန်းကျောင်းကို စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။

သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးကလည်း အဲဒီမှာနေကြတဲ့သူတွေကို စောရန်ပိုင် အနောက်ရပ်ကွက်၊ မိုးကောင်းသစ်ဆိပ်ဝင်း၊ အလုံမြို့နယ်လို့ သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒီမှာ နေထိုင်ကြသူတွေဟာ ဝန်ထမ်းငယ် ပင်စင်စားမျိုးဆက်တွေ ဖြစ်တဲ့အတွက် လက်လုပ်လက်စား လုပ်ကိုင်စားသောက်သူတွေ များပါတယ်။

၁၉၈၈ အရေးတော်ပုံအပြီးမှာ သစ်စက်ကြီးကို ကာကွယ်ရေးပိုင်အဖြစ် သိမ်းယူခဲ့ပြီး MEC ကလည်း နောက်မှဖြစ်လာတဲ့ စီမံကိန်းအတွက် အရင်ရှိခဲ့တဲ့ လူနေရပ်ကွက်ကို ကျူးကျော်လို့ သတ်မှတ်ခဲ့ပါတယ်။

အဲဒီလိုသိမ်းယူတဲ့အတွက် လှိုင်သာယာ နည်းပညာတက္ကသိုလ်နားကို နေအိမ်အချို့ကို ပြောင်းပေးခဲ့ပေမဲ့ အဲဒီမြေက ပိုင်ဆိုင်မှုအနေနဲ့ စနစ်တကျ အခိုင်အမာပေးထားတာ မဟုတ်တဲ့အတွက် ကျန်ရှိနေတဲ့ မိသားစုတွေကတော့ ပိုင်ဆိုင်မှု အခိုင်အမာရဖို့ ဆက်လက်ပြောဆိုနေပါတယ်။

ရပ်ကွက်နေ ပြည်သူတယောက်က “နှစ်ရှည်လများ နေလာခဲ့တဲ့နေရာကို အခု သူတို့က ဖယ်ရှားခိုင်းတယ်ဆိုတာ မနေ့တနေ့ကမှ သူတို့လုပ်တဲ့ စီမံကိန်းအပေါ်ကို လာပြီးတော့ ကျူးကျော်ဝင်ရောက်တယ် ဆိုပြီးတော့ ဦးတို့ တသက်လုံး ဓားမဦးချနေလာတဲ့နေရာကို သူတို့က ဒီပုံရိပ်ကို ဖျောက်ပြီးတော့ မနေ့တနေ့ကမှ ၂၀၂၀ လောက်ကမှ ၂၀၁၂ လောက်ကမှ နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က ဒီရပ်ကွက်ကို အိမ်ဥပစာနှင်ထုတ်ခြင်း ဥပဒေအရ နှင်ထုတ်တာတွေ ၁၉၅၅ တို့ ဘာတို့ပေါ့၊ အဲဒီလို နှင်ထုတ်တဲ့အခါကျတော့ ဒီရပ်ကွက်ထဲမှာ နှစ်ရှည်လများ နေလာခဲ့တာ ဆင်းရဲသားတွေပါတယ်၊ ကျောင်းသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေ၊ ဒီထဲမှာ အများကြီးရှိတယ်။ အဲ့တော့ ဒီလူတွေရဲ့ အကျိုးစီးပွားလေး၊ လူ့အခွင့်အရေးလေး ပြည်သူတွေရဲ့ အားနည်းချက်၊ ချို့ယွင်းချက်တွေကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ တနေရာရာမှာ စနစ်တကျ ဖော်ဆောင်ထားတဲ့ မြေကွက်တွေကိုပေးရင် ပြောင်းပါ့မယ်လို့ ပြောထားပြီးသား။ အခုပေးရင် အခုပြောင်းမှာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း MEC ရဲ့ ဖိအားပေးမှုကြောင့် ဒီရေတောပေါ်မှာတည်ခဲ့တဲ့ ရှေးဟောင်းရပ်ကွက်ကြီးရှိ ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြု ဖွင့်လှစ်ပေးခဲ့တဲ့ အမှတ် ၁ အခြေခံပညာ မူလတန်းကျောင်းကိုလည်း ပိတ်ခဲ့ရပါတယ်။

အဲဒီကျောင်းတည်ဆောက်တုန်းက UNICEF အဖွဲ့က မူလတန်းကျောင်းတွေကိုသာ အကူအညီပေးခဲ့တဲ့ သွပ်အမိုးပြားတွေလည်း အခုထိရှိနေပါတယ်။

လတ်တလောမှာလည်း MEC ရဲ့ ဖိအားပေးမှုကြောင့် နေအိမ်တချို့ကို ဖျက်သိမ်းနေကြပြီး သားထောက်သမီးခံမရှိတဲ့ သက်ကြီးရွယ်အို တယောက်ကတော့ အခက်အခဲ အကျပ်တည်းဆုံး အချိန်မှာ အခြေဖျက်ရမှာ စိတ်ကူးယဥ်ဘဝကြီး ဖြစ်နေတယ်လို့ ပြောပါတယ်။

သက်ကြီးအမျိုးသားတယောက်က “ဘဝမှာ အရေးကြီးဆုံး ၃ ခုရှိတယ်။ စားရေးရယ်၊ ဝတ်ရေးရယ်၊ နေရေးရယ်၊ ဝတ်ရေးက ခဏဘေးဖယ်ထား၊ စားရေးနဲ့ နေရေးက အဓိကပဲ။ စားရေးနဲ့ နေရေးမှာလည်း နေရေးက အဓိကပိုကျပြန်တယ်။ နေရေးမရှိဘဲနဲ့ ဘယ်လိုမှ ရှာဖွေစားသောက်လို့ မဖြစ်နိုင်ဘူး။ ဒီခေတ်ဆိုရင် နေစရာတွေက ဈေးနှုန်းတွေ အင်မတန်ကြီးတဲ့အတွက် စဥ်းစားရင် မကပ်နိုင်ဘူး။ လက်ရှိကနေ အခြေပျက်ပြီး ပြောင်းရမယ်ဆိုရင် လက်တွေ့ဘဝမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်ဘဝကြီးကို ကျော်ဖြတ်နေရတာနဲ့တူတူပဲ” လို့ ပြောပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က မတ် ၁၇ ရက် နောက်ဆုံးထားပြီး မိုးကောင်းသစ်ဆိပ်ဝင်းက လူတွေကို ဖယ်ပေးဖို့ ပြောဆိုထားပြီး မဖယ်ပေးတဲ့ နေအိမ်တွေကို မြေတူးစက်နဲ့ ထိုးရှင်းပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ပြည်သူတွေရဲ့ အခက်အခဲတွေကို လတ်တလော အာဏာသိမ်းစစ်တပ်က ကျင်းပခဲ့တဲ့ ၂၀၂၅ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဖြေရှင်းနိုင်ခြင်း မရှိသလို စစ်ကောင်စီလက်အောက်ခံ အလုံမြို့နယ် ထွေအုပ်ကလည်း MEC အလိုကျ ပိုင်ဆိုင်မှုအထောက်အထား မရှိတဲ့ နေရာကိုပဲ ရွှေ့ပြောင်းပေးဖို့ ဖိအားပေးနေပါတယ်။

ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013