
ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့ ဟတ်ယိုင်ဝိထယားလိုင်းအထက်တန်းကျောင်းမှာ နိုင်ငံခြားသား ကျောင်းဆရာဟောင်းတယောက်က ကျောင်းထဲ ဝင်ရောက် ပစ်ခတ်မယ်လို့ သေနတ်ပြ ခြိမ်းခြောက်တာကြောင့် အဆိုပါစာသင်ကျောင်းကို ပိတ်ထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ပီတာ လို့ခေါ်တဲ့ တောင်အာဖရိကနိုင်ငံသား ကျောင်းဆရာဟာ ဟတ်ယိုင်ဝိထယားလိုင်းကျောင်းမှာ အင်္ဂလိပ်စာဘာသာရပ်ကို သင်ကြားပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လကတော့ သူဟာ စာချုပ်ပါ သဘောတူချက်အချို့ကို ချိုးဖောက်တာကြောင့် ကျောင်းအမှုဆောင်အဖွဲ့က သူ့ကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။
ပီတာက အဲဒီကိစ္စကို မကျေနပ်ဘဲ အဆိုပါကျောင်းထဲမှာ မသမာမှု၊ ခွဲခြားဆက်ဆံမှုတွေ ရှိနေတယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့်ပြောဆိုတဲ့အပြင် သူဟာ အခုသေနတ်ပစ် လေ့ကျင့်နေတယ်၊ ကျောင်းအုပ်ကြီးနဲ့ ကျောင်းသားတချို့ကို လာပစ်မယ်ဆိုပြီး သူ သေနတ်ပစ် လေ့ကျင့်ပုံ၊ သေနတ်ပုံတွေကို စာသင်ကျောင်းရဲ့ လူမှုကွန်ရက် Line Group ထဲ ဖြန့်ဝေခဲ့ပါတယ်။
အဆိုပါ Group ထဲမှာ ကျောင်းအမှုဆောင်၊ ဆရာ/ဆရာမ နဲ့ မိဘအုပ်ထိန်းသူပါ အဖွဲ့ဝင်ပေါင်း ၅,၀၀၀ ကျော်ရှိတာကြောင့် အားလုံးဟာ သောကြာနေ့က ဖြစ်သွားတဲ့ နွန်ထပူရီခရိုင် ထိပ်ဆီရင်း စာသင်ကျောင်းပစ်ခတ်မှုလို ဖြစ်သွားမှာ စိုးရိမ်ပူပန်နေကြပါတယ်။
ဒါကြောင့် ကျောင်းအုပ်ကြီးက ခြိမ်းခြောက်ခံရတဲ့ကိစ္စ ဟတ်ယိုင်ရဲစခန်းမှာ သွားရောက် တိုင်ကြားထားကာ စာသင်ကျောင်းကိုလည်း ဩဂုတ် ၁၀ ရက်နဲ့ ၁၁ ရက်မှာ ပိတ်ထားပြီး အွန်လိုင်းစနစ်နဲ့ သင်ကြားဖို့ ဩဂုတ်လ ၈ ရက်နေ့စွဲနဲ့ စာထုတ်ပြန်လိုက်ပါတယ်။
ကျောင်းဆရာ ပီတာဟာ သူ့အနေနဲ့ အကြမ်းဖက်ဖို့ မရည်ရွယ်ကြောင်း၊ ခြိမ်းခြောက်ရုံသက်သက်သာ ဖြစ်ကြောင်း သူ့လူမှုကွန်ရက်ကနေ ထုတ်ဖော်ပြောဆိုပါတယ်။
နောက်ဆက်တွဲသတင်းတွေအရ ပီတာဟာ ဇူလိုင် ၁၉ ရက် ညနေ ၂ နာရီ ၃၉ မိနစ်က ထိုင်းတောင်ပိုင်း၊ ပါဒန်ဘေဆာမြို့ နယ်စပ်ဂိတ်ကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာသွားပြီလို့ ဟတ်ယိုင်ရဲတပ်ဖွဲ့ကပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Nation TV / Khaosod News










