DVB Logo
Home
မြန်မာသတင်း
မိုးမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ သံဃာ ၁ ပါး ပျံလွန်ပြီး ပြည်သူ ၂ ဦးသေဆုံး
DVB
·
May 3, 2021
မိုးမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ သံဃာ ၁ ပါး ပျံလွန်ပြီး ပြည်သူ ၂  ဦးသေဆုံး
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မိုးမောက်၊ စီဟတ်၊ ကုန်းလောစ တဲ့ဒေသမှာ မေလ ၃ ရက် ဒီကနေ့ မနက်က ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ရဟတ်ယာဉ်ပျက်ကျခဲ့သလို သံဃာနဲ့ ပြည်သူတွေလည်း  သေဆုံးဒဏ်ရာရခဲ့ကြပါတယ်။ 

ရဟတ်ယာဉ်ပျက်မကျချင် အရင်ဆုံးတိုက်ပွဲဖြစ်ပွါးခဲ့ပြီး ကုန်းလောရွာဘက်ကို လက်နက်ကြီးကျတာကြောင့် သံဃာတော် ၁ ပါး ပျံလွန်ကာ ကုန်းလောရွာသား ၃ ဦး သေဆုံး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့  ဗန်းမော်ဘက်က စစ်ပြေးရှောင်တွေကို ကူညီပေးနေတဲ့ ဝါရှောင်ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ 

“ ဘုန်းဘုန်းကို အဲဒီဘက်က ဒကာတွေအကြောင်းကြားလာတယ်၊ ရဟတ်ယာဉ်မကျခင် တိုက်ပွဲအရင်ဖြစ်တယ်တဲ့၊ ကုန်းလောရွာမှာ လက်နက်ကြီးတွေကျတယ်၊ ဘုန်းကြီးကျောင်း ထဲလည်းကျတယ်၊  သံဃာတော်တစ်ပါး ဆီးခုံကိုထိပြီးတော့ သွေးလွန်ပြီးတော့ ပျံလွန်တယ်၊ အဲဒီ သံဃာက မိုးမောက်မြို့ မန္တလေး စာသင်တိုက်က အဲဒီရွာဘက်သွားရင်းနဲ့ တိုက်ပွဲနဲ့တိုးတာ၊ နောက်ပြီး ကုန်းလောရွာသား ဦးအိုက်ဆန်ရယ်၊ ဒေါ်အေးလွန်းရယ် သေဆုံးတာ၊ နောက်ထပ် ဒဏ်ရာရတဲ့လူတွေက ၁၀ ကျော်၊ အခုဗန်းမော် ၄ မိုင်စစ်တပ်ဆေးရုံကို ပို့ထားတယ်၊ အဲဒီက တာဝန်ကျဆေးရုံဆရာမပြောတာ ၂ ယောက်လောက်ပဲ  စိုးရိမ်စရာမရှိတာ၊ ကျန်တဲ့လူတွေ စိုးရိမ်ရ တယ်တဲ့   ”

ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း လက်နက်ကြီးထိတဲ့ ရွာသားတွေကို လူနာ တင်ကားနဲ့ ခေါ်ထုတ်နေရာမှာ ကုန်းလောကျောင်းတိုက်က ဆရာတော် ပျံလွန်ပြီး အသက် ၁၀ နှစ်ရွယ် မိန်းကလေး ၁ ဦးနဲ့ အသက် ၆၀ ရွယ် အဘိုးကြီး ၁ ဦးတို့ သေဆုံးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ကေအိုင်အေနဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ မိုးမောက်မြို့နယ် အာလော့ ဘွမ်တောင်တန်းတလျှောက်မှာ တိုက်ပွဲဖြစ်နေတာ ရက်ပေါင်း ၂၀ ကျော်ခဲ့ပြီဖြစ်ပြီး စစ်တပ်က လေယာဉ်ပေါ်ကနေ ဗုံးကြဲချတာကြောင့် အောက်မှာရှိတဲ့ စီဟတ်၊ ကုန်းလော၊ မြို့သစ်၊ မြို့ဟောင်း၊ နောင်ကွမ်၊ နောင်ချို အစရှိ တာပိန်မြစ်တကြောက ပြည်သူပေါင်း ၅၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဒီမတိုင်ခင်ကလည်း စီဟတ်၊ နမ့်ငေါ၊ ရွှေမောင်း စတဲ့ကျေးရွာမှာ လက်နက်ကြီးကျလို့ လူ ၄ ဦး သေဆုံးခဲ့ရပါတယ်။

တာပိန်မြစ်ကြောတလျှောက် ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ ဗန်းမော်မြို့ပေါ်နဲ့ အနီးနား ကျေးရွာတဝိုက် ယာယီစစ်ဘေးရှောင်စခန်း ၈ ခုမှာ ခိုလှုံနေပြီး  ဒီနေ့မနက် ပစ်ခတ်မှုတွေကြောင့် စစ်ပြေးရှောင်ဦးရေ ထပ်တိုးလာဦးမယ်လို့ ဝါရှောင်ဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ 

ထောင်နဲ့ချီတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာ အသုံးအဆောင်ပစ္စည်းအကူအညီတွေ လိုအပ်နေပြီး စေတနာရှင်တွေအနေနဲ့ ဝါရှောင်ဆရာတော် ဖုံးနံပါတ်  ၀၉ ၇၉၀၄ ၈၆၀၀၈ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

အာဏာသိမ်းသိမ်းစစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲထားတယ်လို့ တစ်ဖက်မှာ ကြေညာထားပေမဲ့ ကတိမတည်ဘဲ အလော့ဘွမ်တောင်တန်းမှာ နေ့စဉ် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေတယ်လို့ လည်း ဒေသခံများက ပြောဆိုနေကြပါတယ်။ 

ဒီကနေ့မှာဘဲ စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ကေအိုင်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013