DVB Logo
Home
မြန်မာသတင်း
သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံနေရသော်လည်း သတင်းများ ဆက်လက်တင်ဆက်မည်ဟု မြန်မာသတင်းသမားများပြော
DVB
·
May 3, 2021
သတင်းလွတ်လပ်ခွင့် ဖိနှိပ်ခံနေရသော်လည်း  သတင်းများ ဆက်လက်တင်ဆက်မည်ဟု မြန်မာသတင်းသမားများပြော
Donate to DVB

မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ကို အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က အကြီးအကျယ် ဖိနှိပ်ပိတ်ပင်နေပေမဲ့  သတင်းသမားတွေက ရတဲ့နည်းလမ်းနဲ့ဆက်လက် ကြိုးစားပြီး သတင်းတွေတင်ဆက်လိမ့်မယ်လို့ သတင်းစာဆရာတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဧပြီလကုန်အထိစာရင်းတွေအရ သတင်းသမား အယောက်  ၈၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက တစ်ဝက်ကျော် သတင်းသမား ၄၀ လောက်ဟာ တရားစွဲခံ ထားရပါတယ်။ 

နယ်မြို့တွေမှာ သတင်းသမား သုံးယောက်ဟာ သတင်းယူရင်း သေနတ်နဲ့ပစ်ခတ်ဖမ်းဆီး တာခံခဲ့ရပါတယ်။ နိုင်ငံတကာသတင်းသမားတွေကတော့ မြန်မာနိုင်ငံမှာ သတင်းတွေ သေဆုံးသွားပြီ လို့ယူဆခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံက သတင်းစာဆရာတွေကတော့ ဘယ်လိုပဲ ဖိနှိပ်တာတွေရှိရှိ သတင်းသမား တွေက ရတဲ့နည်းလမ်းနဲ့ကြိုးစားပြီး သတင်းတင်ဆက်လိမ့်မယ်လို့ပြောပါတယ်။

 Myanmar Journalism Institute အမှုဆောင် ဒါရိုက်တာ  ဦးသီဟစောက “အများစုကတော့ သတင်းကသေပြီပေါ့။ သတင်းစာကော သတင်းကော သေပြီပေါ့။ ဗမာပြည်မှာ အဲလိုပြောကြတယ်။ ဒါပေမဲ့ ဒါကတော့ ကျနော်ကတော့ အဲလိုမထင်ဘူး၊ သတင်းဆိုတာသေတဲ့အမျိုးမဟုတ်ဘူး။ သတင်းသမားတွေကလည်း ပြောင်းရင်ပြောင်းသွားမယ်။ သတင်းထုတ်လွှင့်တဲ့ ပလက်ဖောင်းတွေ ပြောင်းချင်ပြောင်းမယ်။ ဒါပေမယ့်  သတင်းဆိုတာ ဆက်ရှိနေမယ်။ ဖိနှိပ်မှုတွေဘယ်လောက်ဘဲရှိရှိ ဂျာနယ်လစ်ဇင်ရှိတယ်။ ဂျာနယ်လစ်ဇင်ပလက်ဖောင်းရှိတယ်။ အဲဒီ flow နဲ့သွားတဲ့ သတင်းကတော့ သေမှာမဟုတ်ဘူး လွတ်လပ်ခွင့်တော့ တော်တော်ကြီးကို ဆုံးပါးသွားမယ် ဒါပေမယ့် သတင်းကတော့ မသေသွားဘူး”လို့ ပြောပါတယ်။  

အကြမ်းဖက်စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာစသိမ်းတဲ့နေ့မှာပဲ DVB နဲ့ Mizzima ရုပ်သံလိုင်းနှစ်ခုရဲ့ သတင်းထုတ်လွှင့်နေတာတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ 

မတ် ၈ ရက်မှာတော့ DVB၊ Mizzima၊ 7Day၊ Myanmar Now နဲ့ ခေတ်သစ် သတင်း ဌာနတွေကို တရားဝင်သတင်းထုတ်လွှင့်ခွင့် လိုင်စင်ရုပ်သိမ်းခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မြန်မာနိုင်ငံထဲက အခြေအနေဆိုးတွေကို ရတဲ့နည်းနဲ့ အမှောင်ချဖို့ ကြိုးစားနေတာဖြစ်တယ်လို့ အကြမ်းဖက်ခြိမ်းခြောက်တာခံနေရတဲ့ အလွတ်တန်း သတင်းထောက် မသူဇာက ပြောပါတယ်။

“ပြည်သူလူထုအတွက်ကော မီဒီယာအတွက်ကော လုံးဝအန္တရာယ်ဇုန်ထဲမှာ အနီရောင်အဆင့်မှာ။ အဲဒီတော့ ဒီလူတွေရဲ့လုံခြုံရေးကလည်းလုံးဝမရှိသလို မီဒီယာရဲ့လုံခြုံရေးကလည်း လုံးဝမရှိတဲ့အချိန် ဖြစ်နေတယ်လို့ပြောလို့ရပါတယ်”။

စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်အားလုံးနီးပါးဟာ စစ်တပ်နဲ့ လက်တွဲပြီး အလုပ်မလုပ်နိုင်တဲ့အတွက် ကောင်စီကနေ နုတ်ထွက်ခဲ့ကြပါတယ်။ စစ်ကောင်စီကတော့ သူ့ရဲ့ ဩဇာခံသတင်းသမားတွေနဲ့  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ 

စစ်ကောင်စီဟာ မြန်မာပြည်တွင်းက သတင်းတွေကို အမှောင်ချနိုင်ဖို့ အခုထက်ပိုဆိုးပြီး ကြမ်းတမ်းတဲ့ နည်းလမ်းတွေကို အသုံးပြုလာနိုင်တယ်လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဟောင်း ဦးမြင့်ကျော်က  ခန့်မှန်းပါတယ်။

“အတားအဆီးခံနိုင်လား ခံနိုင်ရင်လုပ်၊ တရားစွဲခံနိုင်လား ခံနိုင်ရင်လုပ် ဆိုတဲ့  ဒိထက်ကိုအ ဖမ်းအဆီးများလာမယ်။ ဒိထက်ကိုထောင်ချတာများလာမယ်။ တရားစွဲတာများလာမယ်ဆိုရင် ဒီသတင်းအလုပ်ကို ပြည်တွင်းမှာလုပ်ကြဖို့က တော်တော့်ကို ဝန်လေးသွားလိမ့်မှာပေါ့နော်”

မြန်မာနိုင်ငံမှာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်သူတွေကိုယ်တိုင် လက်ကိုင်ဖုန်းတွေ နဲ့ သတင်းဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ အချက်အလက်တွေကို မျှဝေခဲ့ကြတဲ့အတွက် စစ်ကောင်စီဟာ သတင်းတွေကို မထိန်းချုပ်နိုင်ခဲ့ပါဘူး။ 

ဒီကနေ့ မေ ၃ ရက်ဟာ နှစ် ၃၀ မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ အရင်နှစ်တွေတုန်းကလို အခမ်းအနားတွေ ကျင်းပနိုင်တော့မှာ မဟုတ်ဘူးလို့ သတင်းသမားတွေက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013