
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းအကြီးအကဲ ၂၈ ယောက်ကို အမည်ပျက်စာရင်း ကြေညာလိုက်ပါတယ်။
မေ ၂ ရက် ရက်စွဲနဲ့ အဆိုပါထုတ်ပြန်ချက်မှာတော့ ပညာရေးဝန်ကြီးဌာနလက် အောက်မှ ဝန်ထမ်းအကြီးအကဲတွေ၊ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းအကြီးအကဲတွေ၊ ဌာန အကြီးအကဲတွေကို နာမည်၊ ရာထူး၊ ဌာနတွေနဲ့တကွ ယှဉ်တွဲဖော်ပြထားခဲ့ပြီး သူတို့ဟာ ပြည်သူ့အာဏာဖီဆန်ရေး CDM လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်အကြပ်ကိုင် ဖိအားပေးနေကြသူတွေဖြစ်တယ်လို့ ဖော်ပြထားတာပါ။
ဒါ့အပြင် အမည်ပျက်စာရင်းသွင်းခံထားရသူတွေရဲ့ ရာထူးတည်ရှိမှုတွေအပါအဝင် ကိစ္စအဝဝကို ပြည်သူ့အစိုးရက လုံးဝ(လုံးဝ)အသိအမှတ်ပြုတော့မှာ မဟုတ်ကြောင်းလည်း ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပညာရေးဝန်ကြီးဌာနဟာ ပြည်သူ့အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု ပြုလုပ်နေကြတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လူမှုဖူလုံရေးနဲ့ လုံခြုံရေးအတွက် အထူးအလေးထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် မနက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင် ပိုင်းတချို့ကို စစ်တပ်က ဖမ်းဆီးလိုက်ကာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပြီးနောက် တနေ့မှာပဲ ပြည်သူတွေဟာ ညစဉ်သံပုံးတီးဆန့်ကျင်တာတွေ၊ ဖယောင်းတိုင်မီးထွန်း ဆုတောင်းပွဲတွေ၊ လူမဲ့သပိတ်၊ လမ်းမပေါ်က ကားဟွန်းတီးသပိတ်စတဲ့ နည်းလမ်းအမျိုးမျိုးအသုံးပြုကာ အကြမ်းမဖက်တဲ့နည်းတွေနဲ့ ဆန္ဒပြနေကြတာပါ။
တဆက်တည်းမှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဆေးလောကသားတွေက စတင်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)ကို လုပ်ဆောင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ တခြား ကဏ္ဍအသီးသီးက ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်း ပါဝင်လှုပ်ရှားနေကြတာပါ။
နောက်ပိုင်းမှာတော့ နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတရပ်လုံးက လက်မခံပဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၃ လကျော်ရှိခဲ့ပြီဖြစ်ကာ လက်ရှိအချိန်ထိ ကျဆုံးသူ ပေါင်း ၇၆၅ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။










