အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကလေးကာကွယ်ဆေး အကြံပြုစာရင်းကို ရောဂါ ၁၈ မျိုးကနေ ၁၁ မျိုးအထိ လျှော့ချပြီး ဝက်သက်၊ ပါးချိတ်ရောင်နဲ့ ဂျာမန်ဝက်သက် (MMR) ပေါင်းစပ်ကာကွယ်ဆေးကို သုံးမျိုးခွဲထိုးဖို့ ဩဂုတ် ၁၀ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။“
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကလေးတွေဟာ ဒီနေ့လိုအပ်တဲ့ ပမာဏနဲ့ယှဉ်ရင် ကာကွယ်ဆေး အနည်းငယ်ပဲ ထိုးခဲ့ကြပြီး အဲဒီအချိန်က လူတွေ ပိုကျန်းမာကြသလို အခုတွေ့နေရတဲ့ အော်တစ်ဇင် ဖြစ်ပွားမှုနှုန်း မြင့်မားတာလည်း မရှိခဲ့ပါဘူးလို့ ထရမ့်ပ်က မှတ်ချက်ပေးခဲ့ပါတယ်။
MMR ကို သီးခြားကာကွယ်ဆေးသုံးမျိုးအဖြစ် ရွေးချယ်နိုင်အောင် ရက် ၉၀ အတွင်း အစီအစဉ်တင်ပြဖို့ ညွှန်ကြားထားပြီး လက်ရှိ ပေါင်းစပ်ကာကွယ်ဆေးကိုလည်း ဆက်ရနိုင်မှာပါ။
ဒီအမိန့်ဟာ မဖြစ်မနေလိုက်နာရမဲ့ စည်းမျဉ်းမဟုတ်ဘဲ ဖက်ဒရယ်လမ်းညွှန်ချက်သာဖြစ်ပြီး ကျောင်းတက်ခွင့်အတွက် ကာကွယ်ဆေးစည်းမျဉ်းတွေကို ပြည်နယ်အစိုးရတွေက ဆုံးဖြတ်တာပါ။
ကာကွယ်ဆေးတွေကို ဆရာဝန်ဆီ အကြိမ်ခွဲသွားပြီး ထိုးဖို့လည်း အကြံပြုထားပြီး MMR ကို တကြိမ်တည်းထိုးရင် အန္တရာယ်ပြင်းနိုင်တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
အထောက်အထားမေးတဲ့အခါ “အဲဒီလိုပြောတဲ့လူတချို့ရှိတယ်လို့ ကြားထားပါတယ်” လို့သာ ထရမ့်ပ်က ပြန်ဖြေပါတယ်။
CDC ကတော့ MMR ကို သုံးမျိုးခွဲထိုးတာ အကျိုးရှိတယ်ဆိုတဲ့ သိပ္ပံအထောက်အထား မရှိဘူးလို့ ဆိုပြီး ကလေး ၆၅၇,၄၆၁ ယောက် ပါဝင်တဲ့ ၂၀၁၉ ခုနှစ် ဒိန်းမတ်သုတေသနမှာလည်း MMR နဲ့ အော်တစ်ဇင်ကြား ဆက်နွှယ်မှု မတွေ့ခဲ့ပါဘူး။
အမေရိကန် ကလေးအထူးကုအကယ်ဒမီ ဥက္ကဋ္ဌ ဒေါက်တာ အန်ဒရူး ရာစင်းက ဒီအမိန့်ဟာ “အန္တရာယ်ရှိပြီး သိပ္ပံအထောက်အထားပေါ် မတည်ဘူး” လို့ ဝေဖန်ကာ ကာကွယ်ဆေး နောက်ကျတာက ရောဂါကူးစက်နိုင်ခြေ မြင့်စေမယ်လို့ သတိပေးပါတယ်။
ဆရာဝန်လည်းဖြစ်တဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဘီလ် ကက်စီဒီက “ကာကွယ်ဆေးတွေဟာ ဘေးကင်းပြီး ထိရောက်ပါတယ်။ အော်တစ်ဇင် မဖြစ်စေပါဘူး” လို့ ပြောပါတယ်။
ကျန်းမာရေးဝန်ကြီး ရောဘတ်အက်ဖ် ကနေဒီ ဂျူနီယာကတော့ ဒီအပြောင်းအလဲဟာ ကာကွယ်ဆေးရရှိခွင့်ကို ပိတ်ပင်တာမဟုတ်ဘဲ မိဘတွေကို ရွေးချယ်ခွင့်ပိုပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။










